
ဧရာဝတီတိုင်းမ်
ဇွန် ၂၃ ရက်
သရဖူမဂ္ဂဇင်းထုတ်ဝေသူနှင့် အယ်ဒီတာချုပ်၊ မြန်မာ့ပို့စ်မော်ဒန်စာရေးဆရာ ငြိမ်းအေးအိမ် (ခေါ်) မောင်ကြော့ဦး အသက် (၇၀) ခန့်သည် ယနေ့ ဇွန် ၂၃ ရက်နေ့တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားကြောင်း စာပေအသိုင်းအဝိုင်းထံမှ သိရသည်။
စာရေးဆရာ ငြိမ်းအေးအိမ်သည် ကင်ဆာရောဂါကို တစ်နှစ်နီးပါး ရင်ဆိုင်ကုသမှုခံယူနေစဉ် ကွယ်လွန်သွားခြင်း ဖြစ်သည်။
မြန်မာ့ပို့စ်မော်ဒန်စာရေးဆရာတစ်ဦးဖြစ်သူ ငြိမ်းအေးအိမ်သည် “အဝါရောင်ဆောင်းရက်များ၏ မိုးစက်ပုံပြင်” ဝတ္ထုရှည်စာအုပ်အပါအဝင် အက်ဆေးများ၊ ဓာတ်ပုံအက်ဆေးစာအုပ်များ၊ သဘာဝပတ်ဝန်းကျင် တောတောင်နှင့်ပတ်သက်သော စာအုပ်များစွာ ရေးသားထုတ်ဝေခဲ့သည်။
ထို့ပြင် ပထဝီမြေပုံနှင့် သတင်းအချက်အလက်များကို အခြေခံ၍ စာပေများစွာကိုလည်း ရေးသားခဲ့သည်။
၎င်းသည် ဗမာပြည်ကွန်မြူနစ်ပါတီဝင်တစ်ဦးဖြစ်ပြီး ၁၉၈၉ ခုနှစ်နောက်ပိုင်း ငြိမ်းချမ်းရေးရရှိပြီးနောက် မြို့ပေါ်ပြန်လည်ရောက်ရှိလာသူ ဖြစ်သည်။ ထို့အပြင် ၁၉၆၇ ခုနှစ် မှိုင်းရာပြည့် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။
စာရေးဆရာ ငြိမ်းအေးအိမ်သည် ၁၉၉၅ ခုနှစ်တွင် “သရဖူ” မဂ္ဂဇင်းကို စီစဉ်ထုတ်ဝေခဲ့သူ ဖြစ်ပြီး၊ ထိုမဂ္ဂဇင်းသည် စာပေအနုပညာမဂ္ဂဇင်းများထဲတွင် ထူးခြားထင်ရှားကျော်ကြားသည့် မဂ္ဂဇင်းတစ်ခု ဖြစ်ခဲ့သည်။
စာရေးဆရာငြိမ်းအေးအိမ်၏ ဈာပနအခမ်းအနားနှင့်ပတ်သက်၍ ဧရာဝတီတိုင်းမ်အနေဖြင့် ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#သရဖူအယ်ဒီတာ #ပို့စ်မော်ဒန်စာရေးဆရာ #ငြိမ်းအေးအိမ်ကွယ်လွန် #Ayeyarwaddy_Times