
ဧရာဝတီတိုင်းမ်
ဇွန် ၂၃ ရက်
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ်အစပ်ရှိ ဆေးရုံတစ်ရုံကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယက္ကန်းစင်တောင်ကျေးရွာအနီးရှိ ပါချုပ်ဆရာတော်ဘုရားကြီး ဆောက်လုပ်လှူဒါန်းထားသည့် မေတ္တာ နန္ဒဆေးရုံကို ယမန်နေ့ ဇွန် ၂၂ ရက် ည ၁၁ နာရီခန့်တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မီးဖွားပြီးစ အမျိုးသမီးငယ်တစ်ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖက သတင်းထုတ်ပြန် သည်။
“ဒေသခံတွေ အများဆုံး ဆေးလာကုနေတာ။ PDF တွေကို ကုတဲ့ဆေးရုံလို့ သတင်းလွှင့်ထားသလို မဟုတ်ပါဘူး။ ပါချုပ်ဆရာတော်ဘုရားကြီး ဆောက်လုပ်လှူဒါန်းထားတဲ့ ဆေးရုံပါ။ သံဃာတွေလည်း အများဆုံး လာကုပါတယ်” ဟု စဉ့်ကူးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ဆေးရုံကို ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံးသီး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ဆယ်တော်လမ်းခွဲကျေးရွာမှ လာရောက်မီးဖွားသည့် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသွားသည့် အမျိုးသမီးတွင် ၂ ရက်သားအရွယ် ကလေးငယ်တစ်ဦး ကျန်ရှိကြောင်း သိရပြီး ဒဏ်ရာရသူများထဲမှ အမျိုးသမီးငယ်တစ်ဦးမှာလည်း အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း သိရှိရသည်။
စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံဝင်းအတွင်းမှ သားဖွားမီးယပ်အဆောင်အပါအဝင် အဆောက် အအုံ သုံးလုံး ပျက်စီးခဲ့ကြောင်းလည်း သိရသည်။
အဆိုပါဆေးရုံသည် စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းမြို့နယ်များရှိ ဒေသခံပြည်သူများနှင့် သံဃာတော်များကို အဓိကထား ကုသပေးနေသည့် ဆေးရုံတစ်ခု ဖြစ်သည်။
ဓာတ်ပုံ- ပြင်ဦးလွင်ခရိုင်ပကဖ
#မန္တလေး #မတ္တရာ-စဉ့်ကူး #ပါချုပ်ဆရာတော် #လှူဒါန်း #ဆေးရုံ #စစ်ကောင်စီ #ဗုံးကြဲ #Ayeyarwaddy_Times