ဧရာဝတီတိုင်းမ်
ဇွန် ၂၃ ရက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ထိကပလယ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ ထိကပလယ်တပ်စခန်းကို ယမန်နေ့ ဇွန် ၂၂ ရက် ညနေပိုင်းတွင် တော်လှန်ရေး ပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားကြပြီး စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

“မဆုတ်တမ်းခံစစ် ထိကပလယ် ခြေကုတ်စခန်းကို ညနေပိုင်းက သိမ်းနိုင်ခဲ့ပါတယ်” ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ်၌ စစ်ကောင်စီ၏ ဥကရစ်ထ၊ ဝေါ်လေဗျူဟာ၊ တိသဲလယ် ကာကင်း စခန်း စသည့် စခန်း သုံး ခုသာ ကျန်ရှိတော့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလအတွင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သော တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့သည် မြဝတီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဘလယ်ဒို၊ ကနဲလေး၊ ရွှေအေးမြိုင်၊ ဘုရင့်နောင်တပ်စခန်းနှင့် မော်ခီးတပ်စခန်း တို့ကို ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့သည်။

ထို့ပြင် ဇွန် ၃ ရက်တွင် သေ့ဘောဘိုးစခန်းကိုပါ ဆက်လက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

#ကရင် #မြဝတီ #ထိုင်း-မြန်မာ #နယ်စပ် #ထိကပလယ် #စစ်ကောင်စီ #စခန်း #တော်လှန်ရေးပူးပေါင်းအဖွဲ့ #သိမ်းပိုက် #Ayeyarwaddy_Times