
ဧရာဝတီတိုင်းမ်
ဇွန် ၂၃ ရက်
နယ်စပ်အငြင်းပွားမှုနဲ့ပတ်သက်လို့ တင်းမာမှုတွေ မြင့်တက်လာနေစဉ် အိမ်နီးချင်း ထိုင်းနိုင်ငံမှ လောင်စာဆီတင်သွင်းမှုအားလုံး ရပ်ဆိုင်းမယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ဇွန်လ ၂၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
“ဒီညပိုင်းကစပြီး ထိုင်းနိုင်ငံမှ လောင်စာနဲ့ဓာတ်ငွေ့ တင်သွင်းမှုအားလုံးကို ရပ်ဆိုင်းပါမယ်” လို့ ၎င်းက လူမှုကွန်ရက် Facebook မှာ ရေးသားခဲ့ပါတယ်။
ပြည်တွင်း လောင်စာနဲ့ဓာတ်ငွေ့ လိုအပ်ချက်ပြည့်မီဖို့ စွမ်းအင်ကုမ္ပဏီတွေဟာ အခြား အရင်းအ မြစ်တွေမှ လုံလောက်စွာ တင်သွင်းနိုင်မယ်လို့ သူက ဆိုပါတယ်။
ထိုင်းနိုင်ငံက အမျိုးသားလုံခြုံရေးဟုဆိုကာ နယ်စပ်စစ်ဆေးရေးဂိတ်တွေမှာ ကန့်သတ်ချက်တွေ သတ်မှတ်ခဲ့ရာ ကမ္ဘောဒီးယားနိုင်ငံက လက်တုံ့ပြန်မှုအဖြစ် ဇွန်လ ၂၂ ရက်မှာ နယ်စပ်စစ်ဆေးရေးဂိတ် နှစ်ခုကို ပိတ်ပစ်ခဲ့ပါတယ်။
နိုင်ငံသားတွေ မလိုအပ်ရင် ထိုင်းနိုင်ငံသို့ မသွားရောက်ကြဖို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ဌာနက ဇွန်လ ၂၂ ရက်မှာ ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံရှိ ထိုင်းနိုင်ငံသား တွေ ဆန္ဒပြနေရာတွေကို ရှောင်ကြဉ်ကြဖို့ ထိုင်း ကောင်စစ်ရေးဌာနက သတိပေးခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာနဲ့ ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဌ ဟွန်ဆမ် ကြား ဖုန်းပြောဆိုမှု ပေါက်ကြားပြီးနောက် ထိုင်းနိုင်ငံမှာ နိုင်ငံရေး ကစဉ့်ကလျားအခြေအနေ ဖြစ်လာခဲ့ ပြီး ပေထောင်တန်ရဲ့ပြောဆိုချက်အပေါ် ပြည်တွင်းမှာ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
အာဏာရ ထိုင်းညွန့်ပေါင်းအစိုးရအဖွဲ့မှ ဒုတိယအင်အားအကြီးမားဆုံးပါတီက ဒီသီတင်းပတ်အ စောပိုင်းမှာ ညွန့်ပေါင်းအစိုးရအဖွဲ့မှ နှုတ်ထွက်ခဲ့ပြီး ဟွန်ဆမ်နဲ့ ဖုန်းပြောဆိုမှုနဲ့ပတ်သက်လို့ ပေထောင် တန်ကို တောင်းပန်စေခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာ ၂၀၂၂ ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံရဲ့ တတိယအကြီးမားဆုံး ကုန်သွယ်ဘက်နိုင်ငံ ဖြစ်ခဲ့ပြီး သွင်းကုန်ပမာဏဟာ ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံရှိကာ လောင်စာဆီတင်သွင်းမှုက ၂၇ ရာခိုင် နှုန်းရှိခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။
နယ်စပ်အနီး အငြင်းပွား ဘုရားကျောင်းတစ်ခုသို့ စက်ဘီးသမား ၁၅၀ ခန့် လည်ပတ်ရာမှာ လိုက်လံစောင့်ရှောက်ပြီး ထိုင်းစစ်တပ်က သဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်လို့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲခဲ့ပါတယ်။
မည်သည့်ချိုးဖောက်မှုမှ မရှိခဲ့ကြောင်း ထိုင်းစစ်တပ်က ငြင်းဆန်ခဲ့ပြီး နားလည်မှုလွဲမှားခြင်းလို့ ပြောကြားခဲ့ပါတယ်။
ကိုးကား – AFP
Ref; Cambodia PM orders halt to fuel imports from Thailand