ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဇွန် ၂၂ ရက်)

လူတစ်ယောက်ရဲ့ သွေးဖိအားဟာ ပုံမှန်ရှိသင့်တဲ့ ပမာဏထက် များနေပြီဆိုရင် သွေးတိုးခြင်းလို့ ခေါ်ပါတယ်။ သွေးပေါင်ချိန် တိုင်းလိုက်တဲ့အခါ အမြဲတမ်း သွေးဖိအား မြင့်မားနေမယ်ဆိုရင်တော့ သွေးတိုး ရောဂါအဖြစ် သတ်မှတ်ပါတယ်။

သွေးဖိအားကို ကိန်းဂဏန်းတန်ဖိုး နှစ်ခုနဲ့ ဖော်ပြလေ့ရှိပါတယ်။ အပေါ်သွေး (Systolic Blood Pressure) နဲ့ အောက်သွေး (Diastolic Blood Pressure) လို့ အလွယ်တကူ ခေါ်ကြပါတယ်။ ဒါတွေက နှလုံးတစ်ခါခုန်စဉ် နှလုံးညှစ်ထုတ်ချိန် ဖိအားနဲ့ နှလုံးအနားယူချိန် ဖိအားတွေကို ကိုယ်စားပြုပါတယ်။

ပုံမှန်ကျန်းမာတဲ့ လူတစ်ယောက်ရဲ့ သွေးပေါင်ချိန်ကို ၁၂၀/၈၀ မီလီမီတာမာကျူရီ (mmHg) လို့ သတ်မှတ်ထားပါတယ်။ ဒါဟာ နှလုံးက သွေးကြောတွေထဲကို သွေးညှစ်ထုတ်လိုက်တဲ့အခါ သွေးဖိအား ၁၂၀ အထိ မြင့်တက်သွားပြီး နှလုံးအနားယူချိန်မှာ ၈၀ အထိ ပြန်ကျဆင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

ဒီတန်ဖိုးကိုပဲ လူအများနားလည်အောင် အပေါ်သွေး ၁၂၀၊ အောက်သွေး ၈၀ လို့ အလွယ်တကူ ပြောဆိုကြတာ ဖြစ်ပါတယ်။ အသက်အရွယ်၊ ကျား/မ၊ မျိုးနွယ်စု၊ မျိုးရိုးဗီဇ စတဲ့အချက်တွေ အပေါ် မူတည်ပြီး တစ်ဦးနဲ့တစ်ဦး သွေးပေါင်ချိန် ကွဲပြားနိုင်ပါတယ်။

သွေးတိုးရောဂါဟာ အတွေ့ရများတဲ့ ရောဂါတစ်ခုဖြစ်ပြီး အရွယ်ရောက်ပြီးသူ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းခန့်မှာ သွေးတိုးနေကြပါတယ်။ ဆရာဝန်က သွေးတိုး ရောဂါရှိကြောင်း သတ်မှတ်ပေးပြီးပြီ ဆိုရင်တော့ သွေးပေါင်ချိန် မှန်စေဖို့ ဆေးဝါးတွေနဲ့ ထိန်းချုပ်ရပါမယ်။

သွေးတိုးရောဂါ အမျိုးအစားများအနေနဲ့ သွေးတိုးရောဂါကို အဓိကအားဖြင့် အမျိုးအစား နှစ်မျိုး ခွဲခြား နိုင်ပါတယ်။

#Essential Hypertension

သွေးတိုးရောဂါဖြစ်နေသူ အများစုဟာ Essential Hypertension လို့ ခေါ်တဲ့ သွေးတိုးရောဂါအစစ်အမှန် (မူလသွေးတိုးခြင်း) အမျိုးအစား ဖြစ်ပါတယ်။ ဒီရောဂါ ဘာကြောင့်ဖြစ်တယ်ဆိုတာကို ရှင်းလင်း တိကျတဲ့ အကြောင်းပြချက် မရှာနိုင်ပါဘူး။

သွေးတိုးရောဂါမျိုးရိုးလိုက်သူတွေ ၊ အသက်အရွယ်ရလာလို့သွေးတိုးသူတွေ ၊ ကိုယ်အလေးချိန် မထိန်းချုပ်နိုင်ဘဲ အဝလွန်လို့သွေးတိုးသူတွေ၊ ဆိုဒီယမ်ဓာတ်အစားများသူ အငန်စားကြသူတွေ၊ ပိုတက်စီယမ်ဓာတ်လျော့နည်းချို့တဲ့သူတွေ၊ အရက်သောက်သုံးသူတွေ၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးသူတွေ မှာ Essential Hypertension သွေးတိုးရောဂါ ဖြစ်ပွားကြပါတယ်။

#Secondary Hypertension

သွေးတိုးရောဂါသည် အချို့မှာတော့ အခြားရောဂါတစ်ခုခုရဲ့ ဘေးထွက်ဆိုးကျိုး အနေနဲ့ သွေးတိုးခြင်းကို ခံစားရပါတယ်။ ဒါကို Secondary Hypertension လို့ ခေါ်ပါတယ်။ ဆေးဝါးအချို့ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးသွေးတိုးခြင်း၊ ကျောက်ကပ်ရောဂါဖြင့်သွေးတိုးခြင်း၊ ဟော်မုန်းရောဂါဖြင့် သွေးတိုးခြင်း၊ ဗဟို သွေးလွှတ်ကြောနှင့် ကျောက်ကပ်သွေးကြော ကျဉ်း ၍သွေးတိုးရခြင်း၊ ကိုယ်ဝန်ဆောင်စဉ် သွေးတိုးခြင်း၊ Obstructive sleep apnea (OSA) အိပ်ပျော်နေစဉ် လေရှူသွင်းလမ်းကြောင်းပိတ်ဆို့ အသက်ရှူ ရပ်သည့်ရောဂါနှင့်ယှဉ်တွဲ၍ သွေးတိုးခြင်း စတဲ့ရောဂါတွေက Secondary Hypertension ဖြစ်တာကြောင့် အရင်းခံရောဂါကို ကုသမယ်ဆိုရင် သွေးတိုးခြင်းကိုလည်း ထိန်းချုပ်နိုင်တဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်။

ပုံမှန်သွေးတိုးရုံလောက်နဲ့တော့ ဘာရောဂါလက္ခဏာမှမခံစားရပါဘူး။ ဒါကြောင့်လည်းလူတွေက ပေါ့လျော့ပြီး သွေးထိုးရောဂါထိန်းချုပ်ဖို့ကိုမေ့နေတတ်ပါတယ်။ သွေးတိုးရောဂါဆိုတာ အသံသိတ် လူသတ်သမားမှန်း လက်မခံနိုင်ဘဲရှိတတ်ပါတယ်။ တစ်ခါတလေမှာတော့ သွေးတိုးခြင်းကြောင့် အသက်ရှူကြပ် အသက်ရှုမဝဖြစ်ခြင်း၊ အမြင်ဝေဝါးခြင်း၊ ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ်လေးလံနေခြင်းတွေကို တွေ့ကြုံခံစားရပါတယ်။

#သွေးပေါင်ချိန်သွေးဖိအားတန်ဖိုးများ

သွေးပေါင်ချိန် ၁၂၀ / ၈၀ နှင့်အောက်ကို ပုံမှန်သွေးပေါင်ချိန်လို့ သတ်မှတ်နိုင်ပါတယ်။ သွေးပေါင်ချိန် ၁၄၀ / ၉၀ အောက်ကိုတော့ သွေးဖိအား အနည်းငယ်များနေတာကြောင့် သွေးမတိုးဖို့ဆင်ခြင် သင့်တယ်ဆိုပြီး သတ်မှတ်ကြပါတယ်။ သွေးပေါင်ချိန် ၁၄၀ / ၉၀ နှင့် အထက်များနေလျှင်တော့ သွေးတိုးပြီလို့ သတ်မှတ်ပါတယ်။

သွေးပေါင်ချိန် ၁၈၀ / ၁၂၀ နှင့် အထက်များနေပါက အရေးပေါ်ကုသမှု လိုအပ်နေသော သွေးတိုးခြင်းလို့ခေါ်ပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။

သွေးတိုးရောဂါကို ကုစားခြင်းမပြုဘဲနေသူတွေနဲ့ ကုသသော်လည်း ထိရောက်တဲ့ ကုသမှုမရသူတွေမှာ ခန္ဓာကိုယ်ထိခိုက်ပျက်စီးမှုတွေ ကြုံလာရတတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့သွေးကြောတွေအကုန်လုံးမှာ သွေးဖိအားများခြင်းကြောင့် ကိုယ်အင်္ဂါတွေထိခိုက်ပျက်စီးခြင်းကို ကြုံရတတ်ပါတယ်။ ဖိအားများများ သွေးတိုးတဲ့အခါ သွေးတိုးကာလကြာရှည်လာတဲ့အခါ နောက်ဆက်တွဲရောဂါပြဿနာတွေကို ခံစားရပါတော့တယ်။

#သွေးတိုး၏ကြောက်စရာကောင်းသောနောက်ဆက်တွဲများ

နှလုံးနှင့်ဦးနှောက်အတွင်းရှိသွေးကြောတွေ မာကျောလာခြင်းကြောင့် နှလုံးအောင့်ခြင်း၊ နှလုံးသွေးငတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်း၊ လေဖြတ်ခြင်းတွေက သွေးတိုး ကြောင့်ဖြစ်ရတဲ့နောက်ဆက်တွဲပြဿနာတွေပါ။

သွေးဖိအားများလွန်းတာကြောင့် သွေးကြောတွေခံနိုင်ရည်မရှိဘဲ ဖောင်းလာရပြီး သွေးကြောနံရံကွဲ အက်ပေါက်ကွဲပြီး ခန္ဓာကိုယ်တွင်း သွေးယိုစိမ့်သေဆုံးတတ်ပါတယ်။

သွေးဖိအားများတဲ့ သွေးကြောတွေမှတစ်ဆင့် ခန္ဓာကိုယ်အတွက်သွေးတွေကို မရပ်မနားညှစ်ထုတ် နေရတဲ့ နှလုံးကလည်း ရေရှည်မှာ ပင်ပန်းလာပြီး နှလုံးကြွက်သားကြီးမားထူထဲလာတဲ့ ကျန်းမာရေး ပြဿနာကိုခံစားရတတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ နှလုံးဖောက်ပြီး အသက်သေဆုံးတဲ့အထိ ကြုံရနိုင်ပါတယ်။

ကျောက်ကပ်ရောဂါကြောင့် သွေးတိုးနိုင်သလို သွေးတိုးတာကြောင့်လည်း ကျောက်ကပ်ပျက်စီးနိုင်တယ် ဆိုတာကို သတိပြုသင့်ပါတယ်။ သွေးတိုးရောဂါမထိန်းသိမ်းနိုင်ဘဲ ကျောက်ကပ်ထိခိုက်ခြင်းကို မြန်မာပြည်က လူနာတွေမှာအမြဲတွေ့နေရပါတယ်။

သွေးဖိအားမြင့်တက်ခြင်းကြောင့်လည်း မျက်လုံးမှာရှိတဲ့ သွေးကြောတွေကို ထိခိုက်ပျက်စီးပြီး အမြင် အာရုံလျော့နည်းသွားရတာကြောင့် သွေးတိုးဟာ မျက်စိကွယ်သည်အထိပင် ဒုက္ခပေးနိုင်ပါတယ်။

သွေးတိုး‌ရောဂါက တစ်ကိုယ်တော်ဒုက္ခပေးရုံသာမက သွေးတွင်းအဆီဓာတ်၊ သွေးတွင်းသကြားဓါတ် မတည်မငြိမ်ဖြစ်ခြင်းနှင့်ပါ ယှဥ်တွဲတဲ့အခါ ဆတိုးပွား ကျန်းမာရေးပြဿနာတွေကို ဖြစ်စေပါတော့ တယ်။

သွေးတိုးရောဂါနှင့်အတူတူ ဆီးချိုရောဂါ နှလုံးရောဂါ လေဖြတ်ရောဂါခံစားနေရသူတွေမှာ ကုသ ထိန်းချုပ်ရ ခက်ခဲတတ်ပါတယ်။

သွေးတိုးရောဂါကြောင့် နားလည်သဘောပေါက်နိုင်စွမ်း ဆင်ခြင်နိုင်စွမ်း သင်ယူလေ့လာနိုင်စွမ်း ပြန်လည်မှတ်မိနိုင်စွမ်း တွေလည်း ထိခိုက်သွားပြီး “သူငယ်ပြန်တယ်”လို့ခေါ်ဆိုခဲ့ကြတဲ့ မှတ်ဉာဏ် ထိခိုက်ခြင်း ကျန်းမာရေးပြဿနာကို ကြုံတွေ့ရပါတယ်။ သွေးတိုးခြင်းကြောင့် ဦးနှောက်အတွင်းရှိ သွေးကြော‌ငယ်များ ကောင်းစွာအလုပ်မလုပ်နိုင်တော့ဘဲနဲ့ ဦးနှောက်သွေးငတ်ပြီး မှတ်ဉာဏ်ပျောက်ဆုံး ခြင်းနှင့်အတူ စကားပြောနိုင်စွမ်း‌တွေပါပျောက်ဆုံးရပါတော့တယ်။

ဒီလိုဆိုးကျိုးတွေရှိနေတာကြောင့် သွေးတိုးရောဂါဆိုတာ မဖြစ်မနေ စနစ်တကျကုသရမယ့်ရောဂါတစ်ခု ဆိုတာ လက်ခံထားစေချင်ပါတယ်။

#သွေးတိုးရောဂါကုသခြင်း

သွေးတိုးရောဂါခံစားနေရသူအချို့မှာ အနေအထိုင်ဆင်ခြင်ရုံဖြင့် သွေးပေါင်ချိန်ထိန်းဆေးဝါး သောက်စရာ မလိုဘဲ သွေးပေါင်ချိန်ကိုကောင်းမွန်စွာထိန်းသိမ်းနိုင်ကြပါတယ်။

ပထမဆုံးအဆင့် သွေးတိုးရောဂါထိန်းသိမ်းဖို့ အစားအသောက် တွက်ချက်စားသောက်မယ်။ အရက်သောက်ခြင်း၊ ကော်ဖီသောက်ခြင်းရဲ့ ပမာဏကို ကန့်သတ်မယ်။ ဆေးလိပ်ဖြတ်မယ်။ စိတ်ဖိစီးမှုတွေကို လျော့ပါးသွားအောင်ထိန်းချုပ်မယ်။ ကောင်းမွန်စွာအိပ်ပျော်ဖို့ကြိုးစားမယ်ဆိုတဲ့ နေ့စဉ်လူမှုကိစ္စတွေပါဝင်ပါတယ်။

ဆိုဒီယမ် ဆားဓါတ် တစ်နေ့လျှင် ၁.၅ ဂရမ် ( လက်ဖက်ဇွန်းဝက်ဝန်းကျင်)ထက်မပိုဘဲ ကန့်သတ် စားသောက်သင့်ပါတယ်။ အသင့်စားစားသောက်ကုန်များ အငန်လွန်ကဲသောအစားအစာများ ရေရှည်ခံ အစားအသောက်များ ရှောင်ရပါမယ်။

ပြည့်ဝဆီ ပြုပြင်ပြောင်းလဲထားတဲ့အသားများ သကြားပါဝင်သောအချိုရည်များ ကို ရှောင်ရပါမယ်။ အာလူး၊ ငှက်ပျောသီး၊ အစိမ်းရောင်အရွက်တွေ၊ အသီးအနှံ သစ်သီးဝလံ၊ အဆီထုတ်နွားနို့နှင့် နို့ထွက်ပစ္စည်းများ အစေ့အဆံ အနှံများ၊ ငါး၊ ပဲအမျိုးမျိုး တို့ကို ရွေးချယ်စားသုံးသင့်ပါတယ်။

လမ်းလျှောက်ခြင်း၊ လမ်းသွက်သွက်ခုန်လျှောက်ခြင်း၊ ရေကူးခြင်း ၊ စက်ဘီးစီးခြင်းတို့ကို တစ်ပတ်လျှင် နှစ်နာရီ သုံးနာရီခန့် ကိုယ်လက်လှုပ်ရှားအားကစားတွေ လုပ်သင့်ပါတယ်။ သွေးတိုးရောဂါ ခံစားနေရ‌သော အဝလွန်နေသူတွေမှာ ကိုယ်အလေးချိန်ချလိုက်တဲ့အခါ သွေးဖိအားလျော့နည်း လာပါတော့တယ်။

ကော်ဖီ၊ အရက်‌ပမာဏထိန်းချုပ်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်း တို့ကို လုပ်ဆောင်သင့်ပါတယ်။ အသက်ရှူလေ့ကျင့်ခန်းလုပ်ဆောင်ခြင်း၊ တရားထိုင်ခြင်း၊ ယောဂ‌ကစားခြင်း၊ သဘာဝနှင့်အတူ ယှဉ်တွဲ နေခြင်းတို့ဖြင့် စိတ်ဖိစီးမှုကို လျော့ကျဖို့လုပ်ဆောင်တဲ့အခါ သွေးတိုးခြင်းကို သက်သာစေနိုင်ပါတယ်။

သွေးတိုးရောဂါရှိသူတွေအနေနဲ့ သွေးပေါင်ချိန်မှန်မှန် တိုင်းတာပြီး မှတ်တမ်းတင်ထားသင့်ပါတယ်။ သွေးပေါင် ချိန်မှတ်တမ်းက ကျန်းမာရေးစောင့်ရှောက်ပေးသူနှင့် တိုင်ပင်တဲ့အခါ ဆက်လက်ကုသဖို့ အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ လွန်စွာ အထောက်အကူပေးပါတယ်။

#သွေးပေါင်ချိန်ထိန်းဆေးဝါးများဖြင့်ကုသခြင်း

အကယ်၍ အနေအထိုင်ဆင်ခြင်ခြင်းဖြင့် သွေးတိုးရောဂါမထိန်းချုပ်နိုင်ပါက ဆေးဝါးညွှန်ကြားပြီး ကုသဖို့ ဆရာဝန်ကဆုံးဖြတ်ရမှာဖြစ်ပါတယ်။

သွေးတိုးရောဂါနှင့်အတူ ဆီးချို၊ ကျောက်ကပ်ရောဂါ စတဲ့ အခြားရောဂါတွေ ခံစားနေရသူတွေအတွက် သီးခြားရွေးချယ်သင့်တဲ့ ဆေးဝါးများလည်း ရှိပါတယ်။ သွေးကြောဖိအားထိန်းညှိဆေး၊ ဆီးဆေး၊ နှလုံးခုန်နှုန်းထိန်းချုပ်ဆေး စတဲ့ သွေးပေါင်ချိန်ထိန်းဆေးဝါးများကို လူနာရဲ့ အသက်အရွယ်၊ လူမျိုး၊ သွေးတိုးပြင်းထန်မှုအလိုက် စနစ်တကျ တွက်ချက်ပေးရမှာ ဖြစ်ပါတယ်။

အကယ်၍ သင့်မှာ သွေးတိုးရှိနေပါက ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲပြီး ဆေးဝါးဖြင့် သွေးပေါင်ချိန် ထိန်းညှိကုသဖို့အတွက် ဆရာဝန်နှင့် ပြသတိုင်ပင်ဆွေးနွေးရန် လိုအပ်ပါတယ်။

ဧရာဝတီတိုင်မ်း ပရိသတ်များလည်း သွေးတိုးရောဂါ နောက်ဆက်တွဲဆိုးကျိုးများ အန္တရာယ်ကနေ ကင်းရှင်းကြပါစေ။ ကျန်းမာသာယာတဲ့ဘဝတွေရရှိကြပါစေ။

နောက်တစ်ပတ်မှာတော့ “အမျိုးသမီးများ သွေးဆုံးကိုင်ခြင်း” ခေါင်းစဉ်ဖြင့် ကျန်းမာရေးအသိ ပညာပေးခြင်းသွားမှာ ဖြစ်တာကြောင့် စောင့်မျှော်ကြပါဦးခင်ဗျာ။။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #သွေးတိုးရောဂါ #ကျန်းမာစွာအက်ရှင်နေထိုင်ခြင်း #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)