ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇွန် ၂၂ ရက်

တနင်္သာရီ တိုင်း ၊ မြိတ်မှ တနင်္သာရီ သို့ဦးတည်လာသော စစ်ကောင်စီ ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကား တစ်စီးပျက်စီးပြီး စစ်ကောင်စီတပ်သား သုံးဦး ထိခိုက်ဒဏ်ရာရရှိ သွားကြောင်း တနင်္သာရီ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ ထံမှသိရသည်။

တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ဝင်များသည် မြိတ် မှတနင်္သာရီ သို့ ဦးတည်မောင်းနှင်လာသော စစ်ကောင်စီတပ်မှ ရိက္ခာကား ခြောက်စီး ပါယာဥ်တန်းကို ပြီးခဲ့သည့် ဇွန်လ ၁၉ ရက် နံနက် ၁၁ နာရီခန့်က တနင်္သာရီမြို့နယ် ကမ်းတိုရွာကြားနှင့် ကော့မပြင်းရွာလမ်းပိုင်းနှစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက် ခဲ့ကြောင်းသိရသည်။

“မြိတ် ကနေတက်လာတာ အားလုံး ခြောက်စီးပါ။ ရိက္ခာကားတွေပေါ့။ မိုးတွင်းရောက်ပြီဆိုတော့ ရိက္ခာတွေစုနေကြတယ်။ တစ်စီးမှာ စစ်ကောင်စီတပ်သား သုံးယောက် လေးယောက် လောက် ပါတယ်။ အဲ့ဒါကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ ထိတာက တော့ သုံးစီးပါ။ တစ်စီးကတော့ လုံးဝပျက်စီးသွားတယ်။ နှစ်စီးကတော့ တဖြေးဖြေး ပြန်မောင်းသွားတယ်။ ကား ငါးစီး စလုံး တနင်္သာရီ အခြေစိုက် ၅၅၇ တပ်ရင်းထဲကိုဝင်သွားတယ်။ပျက်ပြီး ကျန်နေတဲ့ ကား က ရိက္ခာတွေကို နောက်ကားတစ်စီးနဲ့ လာ တင်သွားတယ်။ ကားကို လည်း ညတွင်းချင်းပဲ နောက်ကားတစ်စီးနဲ့ လာဆွဲသွားတယ်” ဟု တနင်္သာရီ မြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ရိက္ခာကားပေါ်တွင် လိုက်ပါလာသည့် စစ်ကောင်စီတပ်သားများက လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး အမြောက်တပ် အမတ – ၃၀၆ အရှေ့မော်တုန်း ကလည်း လက်နက်ကြီး ငါးလုံးခန့် ပစ်ကူပေးခဲ့ကြောင်း အဆိုပါ တပ်ရင်းထံမှသိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း ရိက္ခာ ကား တစ်စီးပျက်စီးသွား ပြီး စစ်ကောင်စီတပ်သား သုံးဦးထိခိုက် ဒဏ်ရာရရှိ ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို တနင်္သာရီ ပကဖ မှ ဇုန် ၅၊ ဇုန် ၃၊ကျားနက်တပ်စိတ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ ၊ တနင်္သာရီ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ
#မြိတ်တနင်္သာရီ #စစ်ကောင်စီယာဥ်တန်း #မိုင်းဆွဲတိုက်ခိုက်ခံရ #ကား၁စီးပျက်စီး #၃ဦးထိခိုက်ဒဏ်ရာရ #Ayeyarwaddy_Times