
ဧရာဝတီတိုင်းမ်
ဇွန် ၂၂ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ ကျေးရွာများမှ ပြည်သူများအနေဖြင့် ထောက်ခံစာပါမှသာ ဈေးဝယ်ယူခွင့်ရှိကြောင်း သိရသည်။
ဈေးဝယ်ယူခွင့် ထောက်ခံစာတွင် ရက်စွဲနှင့် ပစ္စည်း အမျိုးအမည်၊ အရေအတွက်များပါ အတိအကျပြောပြီးမှ ထောက်ခံပြုလုပ်ပေးနေခြင်းဖြစ်သည်။
“ငါးသိုင်းချောင်းမြို့ကို ကုန်းလမ်းကနေ ဈေးလာဝယ်တဲ့အခါ စစ်သား၊ ရဲ၊ ပြည်သူ့စစ်တွေက ဂိတ်တိုင်းမှာ တားပြီးစစ်တာ။ ကမ်းနားဆိပ်မှာ အတင်းကျပ်ဆုံးပဲ” ဟု ငါးသိုင်းချောင်းမြို့နေ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် သွားရောက်ဝယ်ယူမည့် မြို့နာမည်ကိုပါ အတိအကျ စာရင်းပေးမှသာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးအဖွဲ့က ထောက်ခံစာပြုလုပ်ပေးကြောင်း ဒေသခံများထံက သိရသည်။
ငါးသိုင်းချောင်း ကမ်းနားဆိပ်တွင် ရဲ၊ မီးသတ်၊ အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ပြည်သူ့စစ်များကပါ ပြည်သူများကို စစ်ဆေးရေးတင်းကျပ်နေကြောင်း သိရသည်။
ရေကြည်မြို့နယ်၊ ရေနံ့သာစစ်ဆေးရေးဂိတ်တွင်လည်း စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားပြီး ယင်းစစ်ဆေးရေးဂိတ်တွင် ကုန်းပြင်တိုက်နယ် ကျေးရွာအုပ်စုများသို့ ဝင်ရောက်လိုပါက ဒေသခံများကိုသာ ဝင်ခွင့်ပြုပြီး အပြင်လူများကို တားဆီးစစ်ဆေးကာ ဝင်ခွင့်မပြုတော့ကြောင်း သိရသည်။
စစ်ကောင်စီက ရေကြည်အမြောက်တပ် အမတ ၃၄၄ တိုက်ခိုက်ခံနေရချိန်တွင် ရေကြည်မြို့အဝင်အထွက်များကို စိစစ်တင်းကျပ်ကာ တားမြစ်ပိတ်ပင်မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။
#ဧရာဝတီ #ရေကြည် #ငါးသိုင်းချောင်း #စစ်ကောင်စီ #အုပ်ချုပ်ရေးမှူး #ဒေသခံ #ဈေးဝယ်ထောက်ခံစာ #ပြုလုပ်နေရ #Ayeyarwaddy_Times