
ဧရာဝတီတိုင်းမ်
ဇွန် ၂၂ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်များ ထိန်းချုပ်ထားသည့် ကံကြီးရွာကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် ဝင်ရောက်နေကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇွန် ၂၀ ရက်နေ့ကတည်းက ကံကြီးရွာကို ဝင်ရောက်ထိုးစစ်ဆင် နေရာယူထားပြီး သရက်ကုန်းကျေးရွာအထိ ဝင်ရောက်နေရာယူနေပြီဖြစ်ကြောင်း စစ်ရေး သတင်းရင်းမြစ်ထံမှ သိရသည်။
“သဲခေါ်နဲ့ အုမ္မတီးမှာတော့ ပူးပေါင်းတပ်တွေရှိနေတုန်းပဲ။ ရွှေညောင်ပင်အထိ စကစဘက်က ဆက်တိုးမယ်ထင်တယ်။ လောလောဆယ်တော့ ကံကြီးရွာကို ထိန်းချုပ်ထားတယ်” ဟု စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် နောင်ချိုရှိ ကျေးရွာများကို ဗုံးအလုံးရေ မြောက်များစွာ နေ့စဉ် ကြဲချနေပြီး အဆိပ်ငွေ့ဗုံးများပါ အသုံးပြုနေကြောင်း TNLA က နေ့စဉ် ထုတ်ပြန်လျက်ရှိသည်။
လက်ရှိတွင် နောင်ချိုမြို့နယ်အတွင်းရှိ ရွှေသွန်း၊ ဉာဏ်တော၊ အုမ္မတီးနှင့် ဆမ္မဆယ်ကျေးရွာများတွင် စစ်ကောင်စီနှင့် TNLA တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။
စစ်ကောင်စီသည် ယမန်နေ့ ဇွန် ၂၁ ရက် ည ၁၀ နာရီ ၁၈ မိနစ်က နောင်ချိုရှိ သံဘိုကျေးရွာကို Y-12 လေယာဉ်ဖြင့် ဗုံးအလုံးပေါင်း ၅၀ ကျော် ကြဲချတိုက်ခိုက်ခဲ့သည်။
ထို့အပြင် ဇွန် ၂၀ ရက်နေ့ကလည်း လက်နက်ကြီး ၁၄၄ လုံးနှင့် ဒရုန်းဗုံး ၃၁ လုံးတို့ကို ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကံကြီးရွာကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် စစ်ကောင်စီက အစွမ်းကုန် ကြိုးစားနေခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့် ဇွန် ၁၇ ရက်နေ့က ကံကြီးရွာစခန်းကို ခေတ္တလက်လွှတ်ခဲ့ရပြီးနောက် ယခုအခါ အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင် နေရာယူလာခြင်းဖြစ်သည်။
ပြင်ဦးလွင်မှ နောင်ချိုသို့ ထိုးစစ်ဆင်နေသည့် စစ်ကြောင်းသည် ရေမောင်းတန်းကျေးရွာကို ရောက်ရှိ လာပြီဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- TNLA
#ရှမ်းမြောက် #နောင်ချို #ကံကြီး #စစ်ကောင်စီဝင်ရောက် #Ayeyarwaddy_Times