ဧရာ၀တီတိုင်းမ်
(ရေဖြူ) ဇွန် ၂၂ ရက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့အနီး အောက်ကင်းရွာအခြေစိုက် ခမရ-၅၅၇ တပ်ရင်းမှ စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီတပ်သား နှစ်ဦးသည် လမ်းကင်းတာဝန်ကျချိန် ထွက်ပြေးလာပြီး ဇွန် ၁၉ ရက်တွင် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံ လက်နက်ခဲယမ်း အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာကြောင်း အဆိုပါ ပကဖအဖွဲ့ထံမှ သိရသည်။

အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားနှစ်ဦးသည် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူ အမှတ် (၁) စစ်သင်တန်းလေ့ကျင့်ရေးကျောင်းမှ အမှတ်စဉ် (၁) နှင့် အမှတ်စဉ် (၉) သင်တန်းဆင်းများ ဖြစ်ကြောင်း သိရသည်။၎င်းတို့နှစ်ဦးသည် သင်တန်းကာလ နှစ်လခွဲ တက်ရောက်ပြီးနောက် တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်ရှိ စကခ-၁၃ တွင် နှစ်ပတ်ခန့် မွမ်းမံ ထပ်မံသင်တန်းတက်ရောက်ခဲ့ကာ မြိတ်မြို့ရှိ ခလရ-၁၀၃ တပ်ရင်းသို့ ပို့ဆောင်ခံရပြီး ထိုမှတစ်ဆင့် ခမရ-၅၅၇ တပ်ရင်းသို့ ပို့ဆောင်ခံရသူများဖြစ်ကြောင်း သိရသည်။

“ဘန်းလမွတ်ရွာနဲ့ ပနပ်ငယ်ရွာကြားမှာ လမ်းကင်းတာဝန်ကျတဲ့အချိန် ထွက်ပြေးလာကြတာပါ။ သူတို့ (စစ်ကောင်စီ) တပ်သားနှစ်ဦးက မတရား အတင်းအဓမ္မ တပ်သားစုဆောင်းခံရသူများ ဖြစ်ကြတယ်။ သူတို့က ရပ်ရွာတွေထဲမှာ စစ်မှုထမ်းအလှည့်ကျလို့ မဲနှိုက်တာ မဲပေါက်လို့ ပါသွားတာမဟုတ်ဘူး။ အတင်းအဓမ္မ ဖမ်းဆီးခံရတာပါ။ စစ်ကောင်စီရဲ့ လုပ်ရပ်ကို စိတ်နာနေကြတယ်။ သူတို့ နှစ်ဦးစလုံးက စစ်ကောင်စီကို ပြန်တိုက်ကြမယ်” ဟု တနင်္သာရီမြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သားနှစ်ဦးသည် ၎င်းတို့နှင့်အတူ MA3 သေနတ် နှစ်လက်၊ ကျည်ဘောက် ကိုးခု၊ ကျည် ၂၄၀ တောင့်၊ ကျည်ကာ တစ်စုံ တို့ကို ယူဆောင်လာခဲ့ကြောင်း သိရသည်။

အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားနှစ်ဦးကို ကနဦးတွင် တစ်ဦးလျှင် ကျပ်သိန်း ၂၀ စီ ချီးမြှင့်ပေးထားပြီး၊ ဘေးကင်းလုံခြုံသည့် နေရာတွင် စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

နောက်ထပ်ချီးမြှင့်ငွေများကိုလည်း ထပ်မံပေးအပ်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (MOD) ထံသို့ တင်ပြထားကြောင်း အဆိုပါ ပကဖအဖွဲ့ထံမှ သိရသည်။

အတင်းအဓမ္မ တပ်သားစုဆောင်းခံရသူများနှင့် ပြည်သူ့ဘက်က ရပ်တည်လိုသော တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အပြင် နီးစပ်ရာတော်လှန်ရေး တပ်ဖွဲ့များသို့ ချိတ်ဆက်ကာ အလင်းဝင်ရောက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ပုံစာ- လက်နက်ခဲယမ်းများနှင့် အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သားနှစ်ဦးနှင့် တနင်္သာရီ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူများကို တွေ့ရစဉ်။
#တပ်သားသစ် #အဓမ္မစုဆောင်း #စစ်ကောင်စီတပ်သား၂ဦး #လက်နက်အပြည့်အစုံ #အလင်းဝင် #ပြန်တိုက်မည် #Ayeyarwaddy_Times