ဧရာဝတီတိုင်းမ်
ဇွန် ၂၂ ရက်

စင်ကာပူရောက် ရွှေ့ပြောင်းမြန်မာလုပ်သားများထံမှ ငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီးတစ်ဦးသည် စင်ကာပူဒေါ်လာနှင့် မြန်မာငွေများစွာကို လိမ်လည်ကာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

စင်ကာပူတွင် နေထိုင်ပြီး ငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်ခဲ့သည့် နန့်နှင်းဧပရယ်အေး အမည်ရှိ အမျိုးသမီးသည် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်က စင်ကာပူဒေါ်လာ ၃၀,၀၀၀ ကျော်နှင့် မြန်မာငွေကျပ် သိန်း ၃၀၀ ဝန်းကျင်ကို လိမ်လည်ကာ မေ ၂၅ ရက်နေ့တွင် မြန်မာပြည်သို့ ပြန်လည်ထွက်ပြေးသွားကြောင်း ငွေအလိမ်ခံရသူထံမှ သိရသည်။

ငွေလိမ်လည်ထွက်ပြေးသွားသည့် နန့်နှင်းဧပရယ်အေးသည် ငယ်စဉ်က ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ လှည်းဆိပ်ကျေးရွာတွင် နော်ဆေးဆေး အမည်ဖြင့် နေထိုင်ခဲ့သူဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“သူက ဒေါ်လာယူပြီး မြန်မာပြည်ပြန်ပို့မယ့် မြန်မာငွေကို ပြန်မလွှဲဘဲ လိမ်သွားတာ။ စာလှမ်းပို့ပြီး ငွေပြန်တောင်းတော့ ဟိုနေ့ပေးမယ်၊ ဒီနေ့ပေးမယ်ပြောပြီး အကောင့်တွေပါ ဖျက်သွားတာ။ ဆက်သွယ်လို့မရတော့ဘူး။ ရွှေထည်အဖြူတစ်စုံစာပါ လိမ်သွားတယ်။ လိမ်နေတာ ကြာပြီ၊ အခု ထွက်ပြေးမှ သိကြတာ” ဟု ငွေအလိမ်ခံရသူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ငွေလိမ်လည်သွားသူ နန့်နှင်းဧပရယ်အေးကို ၎င်းနေထိုင်ခဲ့သည့် စင်ကာပူနိုင်ငံရှိ အိမ်ရှင်သူဌေးက မေ ၂၆ ရက်နေ့တွင် ရဲစခန်းသို့ သွားရောက်အကြောင်းကြားထားကြောင်း စင်ကာပူရောက် မြန်မာအမျိုးသမီး တစ်ဦးထံမှ သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်းကလည်း အဆိုပါအမျိုးသမီး၏ ငွေလိမ်လည်ခြင်းကို ခံခဲ့ရသူအချို့လည်း ရှိခဲ့ကြောင်း ငွေအလိမ်ခံရသူများက ဆိုသည်။

-ဓာတ်ပုံ-ပေးပို့။
ပုံစာ-ငွေကြေးလိမ်လည်ခဲ့သူ နန့်နှင်းဧပရယ်အေး အမည်ရှိ အမျိုးသမီး နှင့် လိမ်လည်ခံရသည့် ရွှေထည်ပစ္စည်းများ။
#စင်ကာပူ #ရွှေ့ပြောင်းလုပ်သားများထံက #ငွေလဲလုပ်သူ #မြန်မာအမျိုးသမီးတစ်ဦးက #စင်ကာပူဒေါ်လာနှင့် #မြန်မာငွေ #အများအပြားလိမ်ပြေး #Ayeyarwaddy_Times