
ဧရာဝတီတိုင်းမ်
ဇွန် ၂၂ ရက်
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ အုတ်တွင်းကျေးရွာအနီး ရန်ကုန်-ပြည်လမ်းမဘေးရှိ စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှုတွင် သေဆုံးခဲ့သည့် ဒုဗိုလ်မှူး ကြီး ရန်နိုင်အောင်၏ ရက်လည်ဆွမ်းသွတ်ကို ယနေ့ ဇွန် ၂၂ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ်ကို ပြီးခဲ့သည့် ဇွန် ၁၆ ရက်နေ့ ညနေပိုင်းက တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်စဥ် သာယာ၀တီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်း ၊ ဒုရဲမှူးကြီး စိုးခိုင်တို့အပါအဝင် ဒုတိယဗိုလ်မှူး ကြီး ရန်နိုင်အောင်ပါ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သတင်း ရင်းမြစ်ထံမှ သိရသည်။
“သေဆုံးခဲ့တဲ့ ရန်နိုင်အောင်က မသေခင်က ဗိုလ်မှူး အဆင့်၊ သေဆုံးပြီးမှ ဒုဗိုလ်မှူးကြီး ရာထူးတိုးပေး လိုက်တာ”ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီဘက်မှ စစ်ဘက်ဆိုင်ရာအရာရှိများသေ ဆုံးခဲ့မှုထဲတွင် G 1 အဆင့် အရာရှိတစ်ဦးလည်း ပါဝင်ကြောင်း သိရပြီး စစ်ကောင်စီတပ်သား၊ ရဲနှင့် ပျူစောထီးအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြကာ စစ်ကွင်းရဲစခန်းမှူးလည်း ကျည်ထိဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ဒုတိယဗိုလ်မှူးကြီး ရန်နိုင်အောင်သည် တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းဆင်း စစ်အင်ဂျင်နီယာတပ်မှဖြစ်ကြောင်း သိရသည်။
ထို့အတူ သေဆုံးသူများဖြစ်သည့် သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်းမှာ တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) အပတ်စဉ် (၇) ဖြစ်ပြီး အုတ်ဖိုမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးဖြိုးမင်းဦးမှာ တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) အပတ်စဉ် (၁၁) မှဖြစ်ကြောင်း သိရသည်။
#ပဲခူး #အနောက်ခြမ်း #မင်းလှ #ရန်ကုန်_ပြည် #စစ်ကွင်းစခန်း #တိုက်ခိုက်ခံရ #ဒုဗိုလ်မှူးကြီးသေဆုံး #Ayeyarwaddy_Times