
ဧရာဝတီတိုင်းမ်
ဇွန် ၂၂ ရက်
ရန်ကုန်မှ ဧရာဝတီတိုင်း၊ ဝါးခယ်မသို့ ပြန်သည့်လူငယ်တစ်ဦးသည် ဒဂုံဧရာအဝေးပြေးကားဝန်းအတွင်း လိမ်းလည်ခေါ်ဆောင်ခံရပြီး စစ်သားစုဆောင်းခံထားရကြောင်း သတင်းရရှိသည်။
မောင်ထွန်းမင်းလွင်(ခ)ကိုမင်းသည် ရန်ကုန်တွင်အလုပ် လုပ်ကိုင်နေထိုင်းရင်း ၎င်း၏ ဇာတိဖြစ်သည့်ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အထက်လက်ပန်ကျေးရွာသို့ ပြန်ရန် ဇွန် ၄ ရက် နေ့လည်ပိုင်းက ဒဂုံဧရာအဝေးပြေးကားဝန်းအတွင်း ကားစောင့်နေစဉ် လိမ်လည်၍ ခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများကပြောသည်။
မောင်ထွန်းမင်းလွင်(ခ)ကိုမင်းသည် ဒဂုံဧရာအဝေးပြေးကားဝန်းအတွင်း ခရီးသယ်နားနေဆောင်တွင် ထိုင်နေစဉ် အမျိုးသားနှစ်ဦးရောက်ရှိလာပြီး ငါးကန်တွင် အလုပ်ရမည် တစ်လ ငါးသိန်းပေးမည်ဟု စည်းရုံးခေါ်
ဆောင်သွားခြင်းဖြစ်သည်။
” ကိုမင်းက သားအခု နေပြည်တော် စစ်သားစုဆောင်းရေးထဲရောက်နေတယ်။ သူ့ကိုအမျိုးသား နှစ်ယောက်က ငါးကန်မှာအလုပ်လုပ်ရမယ်တစ်လ ငါးသိန်းရမယ်ဆိုပြီးခေါ်သွားတာ။အခု ဖုန်းတွေသိမ်းထားတယ်လို့ပြောပြီး ဖုန်းချသွားတယ်” ဟု မိသားစုနှစ်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောဆိုသည်။
လိမ်လည်ခေါ်ဆောင်ခံရသည့် မောင်ထွန်းမင်လွင်(ခ)ကိုမင်းကို လှိုင်သာယာရဲစခန်းတွင် လေးရက်တာ ချုပ်နှောင်ထားပြီး ဇွန် ၇ ရက်နေ့တွင် နေပြည်တော်ရှိ တပ်ရင်းတစ်ခုသို့ ပို့ဆောင်ခံရ၍ ဇွန် ၁၀ရက်က မိသားစုများထံ ဆက်သွယ်လာခြင်းဖြစ်ကြောင်း သိရသည်။
စစ်သားစုဆောင်းခံရသူ၏ မိသားစုများက နေပြည်တော်အထိ သွားရောက်စုံစမ်းသော်လည်း လက်ရှိအချိန်အထိ စုံစမ်း၍မရသေးကြောင်း မိသားစုနှင့်နီးစပ်သူကပြောသည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၄ခုနှစ် သဩဂုတ်လကလည်း ဧရာဝတီတိုင်း ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင်နေထိုင်သူတစ်ဦးသည် ရန်ကုန်မြို့၊ တောင်ဥက္ကလာဖိနပ်ဆိုင်သို့ အလုပ်လုပ်ကိုင်ရန်သွားရောက်စဉ် ရန်ကုန်သို့ရောက်ရှိပြီး ကားပေါ်က အဆင်းတွင် ဘေးတွဲမောင်းသူ နှစ်ဦးက လိမ်လည်ခေါ်ဆောင်ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းသို့ ပို့ဆောင်သည့်ဖြစ်စဉ် ဖြစ်ပွါးခဲ့သည်။
ရှေ့တန်းတွင် စစ်သည်အင်အားလိုနေသည့် စစ်ကောင်စီတပ်သည် ပြည်သူ့စစ်မှုထမ်းတပ်သားသစ်များရရှိရေးအတွက် နည်းလမ်းအမျိုးမျိုးအသုံးပြုကာ ဖမ်းဆီး၊ လိမ်လည်ခေါ်ဆောင်နေပြီး လေ့ကျင့်ရေးကျောင်းများသို့ ပို့ဆောင်လျှက်ရှိသည်။
ထို့ပြင် စစ်ရှုံးစစ်ကောင်စီသည် မြန်မာပြည်အနှံ့ပြား တော်လှန်ရေးတပ်ဖွဲ့များ၊ တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ၏ ထိုးစစ်ဆင်မှုကိုခံနေရ၍ စစ်မှုထမ်းရန် အကျုံး ဝင်သည့် လူငယ်များ စစ်မှုထမ်းခြင်းဖြင့် တိုင်းပြည်ကို ကာကွယ် စောင့်ရှောက်ကြရန်နှင့် မျိုးချစ်စိတ်ဓာတ်အပြည့်အဝထားရှိကြရန် ၎င်းတို့၏ ဝါဒဖြန့်မီဒီယာများမှ လှုံ့ဆော်လျှက်ရှိသည်။
ဓာတ်ပုံ-နေပြည်တော် စစ်သင်တန်းအပို့ခံရသည့် မောင်ထွန်းမင်လွင်(ခ)ကိုမင်း
#ရန်ကုန် #ဝါးခယ်မ #ဒဂုံဧရာအဝေးပြေးကားဝန်း #လိမ်လည်ခေါ်ဆောင်ခံရ #နေပြည်တော် #ပြည်သူ့စစ်မှုထမ်း #Ayeyarwaddy_Times