ဧရာဝတီတိုင်းမ်
ဇွန် ၂၂ ရက်

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်မြစ်ချောင်းများအတွင်းရေဝင်ရောက်မှုများလာကာ ချင်းတွင်း၊ စစ်တောင်းနှင့် ပဲခူးမြစ်ရေတို့သည် စိုးရိမ်ရေမှတ်သို့ရောက်ရှိမည်ဖြစ်ပြီး မြစ်ကမ်းပါးနေထိုင်သူများအချိန်မီ ရွေ့ပြောင်းနေထိုင်ရန်လိုအပ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)ထံမှ သိရသည်။

တောင်ငူမြို့၊ ဟုမ္မလင်းမြို့နှင့် ပဲခူးမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီး၊ မြေနိမ့်ပိုင်းနေထိုင်သူများက ကြိုတင်သတိပြုရန်လိုအပ်ပြီး မြစ်ရေတက်ပါက အချိန်မီရှောင်ရှားနိုင်ရန်လိုအပ်ကြောင်း ထုတ်ပြန်သည်။

စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာဖြစ်ပြီး လက်ရှိတွင် ၅၁၆ စင်တီမီတာ (၃ ပေခွဲခန့်) ရောက်ရှိနေသဖြင့် လာမည့် တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ရောက်ရှိနိုင်ကြောင်းသိရသည်။

ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ် ၂၉၀၀ စင်တီမီတာဖြစ်ပြီး လက်ရှိတွင် ၂၈၅၈ စင်တီမီတာ ရောက်ရှိနေသဖြင့် လာမည့် နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်ရောက်ရှိနိုင်ကြောင်းထုတ်ပြန်သည်။

ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရမ်ရေမှတ် ၈၈၀ စင်တီမီတာဖြစ်ပြီး လက်ရှိတွင် ၈၂၆ စင်တီမီတာ ရောက်ရှိနေသဖြင့် လာမည့်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်ရောက်ရှိနိုင်ကြောင်းပါဝင်သည်။

ထို့ပြင်တောင်ငူမြို့တွင် ခပေါင်းချောင်းရေကြီးမှုကြောင့် ကျေးရွာ၊ ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ ရေပြန်လည်ကျနေပြီးဖြစ်သော်လည်း စစ်တောင်းမြစ်ရေတက်နိုင်သဖြင့် သတိထားရန်လိုအပ်ကြောင်း တောင်ငူဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ် ပြောကြားသည်။

ယခု ဇွန်လ တတိယပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရန်ကုန်မြို့အတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း သိရသည်။

လာမည့် ငါးရက်မှ ခုနစ်ရက်အတွင်းတိုင်းနှင့် ပြည်နယ်များတွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း စစ်ကောင်စီ၏ မိုး/ဇလ က ထုတ်ပြန်သည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#စစ်တောင်းမြစ် #ချင်းတွင်းမြစ် #ပဲခူးမြစ် #စိုးရိမ်ရေမှတ်ရောက်နိုင် #မြစ်ကမ်းပါး #မြေနိမ့်ပိုင်းနေသူများ
#ရွေ့ပြောင်းရန်လို #Ayeyarwaddy_Times
See translation