ဧရာဝတီတိုင်းမ်
ဇွန်လ ၂၂ ရက်

အစ္စရေးနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပြီး စစ်ရေးတင်းမာနေတဲ့ အီရန်နိုင်ငံထဲကို ဗုံးဝင်ကြဲခဲ့ကြောင်း ဇွန်လ ၂၁ ရက် ညပိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့လူမှုကွန်ရက်ကတဆင့် ထုတ်ပြန် ပြောဆိုပါတယ်။

အီရန်နိုင်ငံအတွင်းက ဖော်ဒိုး၊ နာတန့်နဲ့ အက်စ်ဖာဟန်စတဲ့ မြို့သုံးခုမှာရှိတဲ့ နျူကလီးယားနဲ့သက်ဆိုင်တဲ့ နေရာတွေကို အမေရိကန်က B 2 ဗုံးကြဲလေယာဥ်တွေအသုံးပြုပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အီရန်ကို စစ်ရေးအရ အ‌ရေးယူ မယူ နှစ်ပတ်အတွင်း ဆုံးဖြတ်မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့တဲ့နောက် ရက်ပိုင်းအကြာမှာပဲ ယခုလို မြေအောက်မှာပေါက်ကွဲနိုင်တဲ့ အဆင့်မြင့် ဘန်ကာခွင်းဗုံးတွေ အသုံးပြုပြီး အီရန်ကို ဗုံးကြဲခဲ့တာလည်း ဖြစ်ပါတယ်။

“အီရန်နိုင်ငံရှိ နျူကလီးယားဆိုက်သုံးခုကို ကျွန်ုပ်တို့အနေနဲ့ အောင်မြင်စွာ တိုက်ခိုက်ပြီးစီးပါပြီ။ ဖော်ဒိုး၊ နာတန့်နဲ့ အက်စ်ဖာဟန်တို့ ပါဝင်ပါတယ်။ ဗုံးတင်လေယာဉ်အားလုံးဟာ အီရန်လေကြောင်းနယ်မြေ အပြင်ဘက်ကို ပြန်ရောက်ပြီးဖြစ်ပါတယ်”လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ပြောဆိုထားပါတယ်။

အီရန်ရဲ့ နျူကလီးယားစက်ရုံတွေကို ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်နိုင်ခဲ့မှုနဲ့ပတ်သတ်ပြီး ဒေါ်နယ်ထရမ့်က အမေရိကန်စစ်တပ်ကို ဂုဏ်ပြုကြောင်းနဲ့ ကမ္ဘာပေါ်မှာ အခုလိုလုပ်ပြနိုင်မယ့်စစ်တပ်ဟာ အမေရိကန်သာ ဖြစ်တယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

အီရန်နိုင်ငံအား ဗုံးဝင်ကျဲနိုင်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က “အခုကတော့ ငြိမ်းချမ်းရေးအတွက် အချိန် ဖြစ်ပါတယ်’’လို့လည်း ဆက်လက်ပြောဆိုပါတယ်။

#အီရန် #အမေရိကန် #စစ်ပွဲ #ဗုံးကျဲ #အစ္စရေး #Ayeyarwaddy_Times