(ပလက်ဝ)၊ဧရာဝတီတိုင်းမ်
ဇွန်လ ၂၁ ရက်

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် လူနေထိုင်ခြင်းမရှိသည့် စစ်ဘေးရှောင်ပြည်သူများ၏ နေအိမ်များတွင် ရခိုင်ပြည်နယ်မှ ရွှေ့ပြောင်းလာကြသူများက ဝင်ရောက်နေထိုင်နေကြကြောင်း ဒေသခံများထံမှ သိရှိရသည်။

ယင်းကဲ့သို့နေထိုင်ရာတွင် အိမ်ပိုင်ရှင်များ၏ ခွင့်ပြုချက်ဖြင့် နေထိုင်ခြင်းမဟုတ်ဘဲ အာရက္ခတပ်တော် (AA) ၏ ခွင့်ပြုချက်ဖြင့် နေထိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ အိမ်မှာ မြောက်ဦးဘက်က လူတွေနေတယ်။ ကျွန်တော်တို့နေဖို့ ခွင့်မပြုဘူးလို့ ပြောပါတယ်။ သူတို့က AA ရဲ့ ခွင့်ပြုချက်နဲ့ နေတာ။ ပြောဆိုရင် AA ဆီမှာ သွားပြောပါတဲ့။ တခြားအိမ်ရှင်မရှိတဲ့အိမ်တွေမှာလည်း အဲလိုနေကြတယ်။ သူတို့ကြည့်ရတာ နေလာတာ အတော်ကြာပြီထင်တယ်” ဟု ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပလက်ဝမြို့နယ်တွင် စစ်ကောင်စီ ကင်းစင်သွားသော်လည်း စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူများသည် နေရပ်ပြန်မလာနိုင်ကြသေးဘဲ ၎င်းတို့စစ်ဘေးရှောင်သည့်နေရာတွင် နေထိုင်နေရဆဲဖြစ်သည်။

ထို့ကြောင့် နိုင်ငံရေးအခြေအနေ အတိုင်းအတာတစ်ခုထိ ကောင်းသွားသည့်ချိန်တွင် စစ်ဘေးရှောင်ပြည်သူများသည် ကိုယ်ပိုင်နေအိမ်များတွင် ပြန်လည်နေထိုင်မည်ဖြစ်သည့်အတွက် ယခုကဲ့သို့ နေအိမ်များတွင် တခြားသူများ နေထိုင်စေခြင်းသည် ဥပဒေမဲ့ လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုကြသည်။

“ကျွန်တော်ကို အချိန်တန် နိုင်ငံရေးကောင်းသွားရင် ကိုယ်အိမ်ပြန်လာကြမှာပါ။ ပြီးတော့ ကျွန်တော်တို့က ကိုယ်အိမ် လုံးဝ ပစ်ထားတာမဟုတ်ဘူး။ သေချာ သော့ခတ်ထားပြီး ထားခဲ့တာပါ။ ပြီးရင် အခြေအနေကောင်းရင် ကောင်းသလို လာကြည့်တယ်။ သန့်ရှင်းရေးတွေ လုပ်တယ်။ အခု အိမ်မှာတခြားလူတွေနေတယ်။ အခြေအနေအရ ဒုက္ခရောက်နေလို စစ်ဘေးရှောင်တွေ နေတယ်ဆိုရင် ခွင့်ပြုတယ်။ အခုကအဲလိုမဟုတ်ဘူး။ ကျတော်တို့အိမ်မှာနေပြီး စီးပွားရေးတွေ လုပ်နေတာပါ”ဟု ပလက်ဝမြို့နယ်၊ တရွန်အိုင်ရွာမှ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် စစ်ဘေးရှောင်ပြည်သူများ၏ နေအိမ်များတွင် နေထိုင်ပြီး အိမ်ရှင်များ၏ အိုးခွက်၊ ပန်ကန်နှင့် သိမ်းဆည်းထားသည့် စောင်ထည်များ၊ တခြားအသုံးဆောင်ပစ္စည်းများကိုလည်း ပိုင်ရှင်သကဲ့သို့ အသုံးပြုနေကြကြောင်း သိရသည်။

ပလက်ဝ၊ မွန်ထောင်၊ စိမ်းစင်း၊ နှမဒါ၊ ကင်းချောင်း၊ တရွန်အိုင်၊ မီးဇာ၊ မိတ်စာဝ၊ သူဌေးကုန်း၊ မီးဝ၊ မီးလက်ဝ၊ ကျီးလေ၊ ရှင်းလက်ဝနှင့် တခြားကျေးရွာများတွင် ရခိုင်ပြည်နယ်မှ ရွှေ့ပြောင်းလာသူ အိမ်ခြေ ထောင်နှင့်ချီရှိကြောင့် သိရှိရသည်။

၎င်းရွှေ့ပြောင်းလာသူများသည် လူနေထိုင်ခြင်းမရှိသည့်နေအိမ်များတွင် အာရက္ခတပ်တော်(AA)၏ ခွင့်ပြုချက်ဖြင့် နေထိုင်ကြသည်။

ပလက်ဝမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)၏ တိုက်ပွဲကြောင့် ဒေသခံပြည်သူ သောင်းနှင့်ချီ၍ ဟားခါး၊ နေပြည်တော်၊ ရန်ကုန် နှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တို့သို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

#ပလက်ဝမြို့နယ် #စစ်ဘေးရှောင်ပြည်သူ #နေအိမ်များတွင် #ရခိုင်မှရွှေ့ပြောင်းလာသူများ #ဝင်ရောက်နေထိုင် #Ayeyarwaddy_Times