ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇွန် ၂၁ ရက်

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် ၊ ဘုတ်ခြံအခြေစိုက် ခလရ- ၁၇ တပ်ရင်းမှ စစ်ကောင်စီတပ်သား နှစ်ဦးသည် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ယနေ့ ဇွန် ၂၁ ရက် နံနက်ပိုင်းက ဗျူဟာ (၃၅ ) နယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံအလင်းဝင်ရောက်လာကြောင်း သိရသည်။

အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သား နှစ်ဦးမှာ ဘုတ်​ခြံအခြေစိုက် ခလရ – ၁၇ တပ်ရင်းမှ အသက် ၂၈ အရွယ်ရှိ ဒုတပ်ကြပ်တစ်ဦးနှင့် အသက် ၂၀ အရွယ်ရှိ တပ်သားတို့ ဖြစ်ကြောင်း မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းတာဝန်ရှိသူထံမှ သိရသည်။

“တပ်ကြပ်ကြီး စာရေး (အကူ) တပ်သားက သူတို့ရွာမှာ စစ်မှုထမ်းအတွက် မဲနှိုက်ရာမှာ မဲပေါက်ပြီး တပ်ထဲရောက်လာတာပါ။စစ်မှုထမ်း အပတ်စဥ် ၂ သင်တန်းဆင်းပါ။သူက ၂၀၂၄ မေလ မှာ စတင်တာဝန်ထမ်းရတယ်။သင်တန်းပြီးတာနဲ့ ခလရ -၁၇ တပ်ရင်းကို တစ်ခါတည်းပို့တာပါ။အခုဆို သူတပ်ရင်းမှာ တာဝန်ထမ်းနေတာ တစ်နှစ်လောက်ရှိပြီ။ဒုတပ်ကြပ်က တော့ ခလရ – ၁၇ တပ်ရင်း မှာ တာဝန်ထမ်းနေတာ ၂၀၁၇ အောက်တိုဘာလကတည်းကပါ။ အခုဆို ခုနှစ်နှစ်ခွဲလောက်ရှိပြီ တာဝန်ထမ်းနေတာ။တပ်ရင်း နဲ့ချိတ်ဆက်ပြီးထွက်လာကြတာ။ဒီနေ့ ချိတ်ဆက်ပြီးတာနဲ့ ဒီနေ့ရောက်လာကြတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော် အာနိုးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သား နှစ်ဦးသည် MA1 ရိုင်ဖယ် တစ်လက်၊ MA2 စက်ကလေး တစ်လက် ၊လက်ပစ်ဗုံး နှစ်လုံး ၊M14 နင်းမိုင်း တစ်ခု ၊ ကျည်ဘောက် ၁၅ ခု ၊ ကပစထုတ် ၅.၅၆ ကျည် ၇၉၀ တောင့် ယူဆောင်လာခဲ့ပြီး ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ဂုဏ်ပြုသောအားဖြင့် ထိုက်တန်သည့် ဆုကြေးငွေများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း မှ တာဝန်ခံများသည် အဆိုပါ အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သား နှစ်ဦးကို နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး လက်ရှိတွင် ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားကြောင်း သိရသည်။

ထို့ပြင် ၎င်းတို့၏ ဆန္ဒအလျောက် ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။

မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းအနေဖြင့် စစ်ကောင်စီလက်အောက်မှ ရုန်းထွက်လာမည့် မည်သူကိုမဆို အမြဲလက်ကမ်း ကြိုဆိုလျှက်ရှိပြီး စစ်ကောင်စီတပ်အတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိတာဝန်ထမ်းဆောင်နေရသူများအနေဖြင့် သတ္တိမွေး၍ ရုန်းထွက်ခဲ့ကြရန်လည်း တိုက်တွန်းပြောဆိုထားသည်။

ပုံစာ-လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်ရောက် လာသော ဘုတ်ခြံအခြေစိုက် ခလရ-၁၇ တပ်ရင်းမှ စစ်ကောင်စီတပ်သား နှစ်ဦး။

#ဘုတ်ခြံအခြေစိုက် #ခလရ၁၇ #စစ်ကောင်စီတပ်သားနှစ်ဦး #မြိတ်ခရိုင်အမှတ် #လက်နက်ခဲယမ်းအပြည့်အစုံဖြင့် #မြိတ်ခရိုင်အမှတ်၁တပ်ရင်း #အလင်းဝင် #Ayeyarwaddy_Times