
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၂၁ ရက်
အာဏာသိမ်း စစ်ကောင်စီသည် ဘင်္ဂလားဒေရှ်အစိုးရက မြို့တော်ဒါကာသို့ ပြန်ခေါ်ယူခဲ့သော မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဒေါက်တာမိုဟာမက်မွန်(န)ဝါဟူစိန် (Monowar Hossain)နှင့် တွေ့ဆုံခဲ့ကြောင်း ၎င်းတို့၏ ဝါဒဖြန့် သတင်းစာအရ သိရသည်။
အာရက္ခတပ်တော် (AA)နှင့် ထိတွေ့ဆက်ဆံမှုများကို စစ်ကောင်စီဘက်မှ ကန့်ကွက်ရှုတ်ချသဖြင့် ယင်းသံအမတ်အပါအဝင် နှစ်ဦးကို ဘင်္ဂလားဒေရှ်အစိုးရက ပြန်ခေါ်ခဲ့ပြီးနောက် ယမန်နေ့ ဇွန် ၂၀ ရက်တွင် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ၏ ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေသည် နေပြည်တော်တွင် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး မွန်(န)ဝါဟူစိန်ကို တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု သိရသည်။
ဘင်္ဂလားဒေရှ်အစိုးရသည် ပြီးခဲ့သော မေလအတွင်းက စစ်ကောင်စီ၏ ကန့်ကွက်မှုကြောင့် နှစ်နိုင်ငံသံတမန်ရေး တင်းမာလာပြီး ရန်ကုန်မြို့အခြေစိုက် သံအမတ်ကြီးနှင့် စစ်သံမှူး ဗိုလ်မှူးချုပ် အက်ဖ်တက်ဘ် ဟူစိန် (Aftab Hossain)တို့ကို ပြန်ခေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါနှစ်ဦးအနက် သံအမတ်ကြီး ဒေါက်တာမိုဟာမက်မွန်(န)ဝါဟူစိန် (Monowar Hossain)ကို စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ဘင်္ဂလားဒေ့ရှ်အစိုးရက ခန့်အပ်ရာ ထိုအချိန်မှစ၍ ရန်ကုန်တွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီးနောက် ရခိုင်တစ်ပြည်နယ်လုံးနီးပါး တိုက်ခိုက်သိမ်းပိုက်လာသော အာရက္ခတပ်တော် (AA)ကို အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေရှ်အစိုးရက အစောပိုင်းတွင် ငြင်းဆန်ခဲ့သော်လည်း နောက်ပိုင်း၌ စစ်ကောင်စီနည်းတူ ထိတွေ့ဆက်ဆံမှုများ ပြုလုပ်လာကြောင်း သိရသည်။
ထိုအခြေအနေများကြောင့် စစ်ရှုံးလာသော စစ်ကောင်စီက မြို့တော်ဒါကာမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ် ကြား ကာလအစိုးရဆီသို့ ကန့်ကွက်ရှုတ်ချကြောင်း သံတမန်ရေးအရ စာပေးပို့သော်လည်း အမျိုးသားလုံခြုံရေးအကြံပေး ခါလီလာရာမန်က ပယ်ချခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ် ကြားကာလအစိုးရအနေဖြင့် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားအတွက် လိုအပ်ပါက နယ်စပ်တစ်လျှောက် ထိန်းချုပ်ထားသည့် မည်သည့်အဖွဲ့နှင့်မဆို ထိတွေ့ဆက်ဆံသွားမည်ဟုလည်း ခါလီလာရာမန်က တရားဝင် ထုတ်ဖော်ပြောဆိုထားကြောင်း သိရသည်။
ဓာတ်ပုံ-စစ်ကောင်စီ
#ဘင်္ဂလားဒေ့ရှ် #ပြန်ခေါ် #ဘင်္ဂလားဒေ့ရှ်သံအမတ် #စစ်ကောင်စီတွေ့ဆုံ #Ayeyarwaddy_Times