
ဧရာဝတီတိုင်းမ်
ဇွန် ၂၁ ရက်
ရန်ကုန်မြို့၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဓားခုတ်ခံရမှုကြောင့်အမျိုးသားတစ်ဦး၏ လက်ဖဝါး ပြတ်တောက်သွားခြင်းကို ခွဲစိတ်မှုပြုလုပ်ရာတွင်အောင်မြင်သဖြင့် မတော်တဆထိခိုက်ပါက ပြတ်တောက်သွားသည့်လက်ကို သန့်စင်ထားရန် လိုအပ်ကြောင်းသိရသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့တွင်နေထိုင်သူ အသက် ၂၇ ခုနှစ်အရွယ် အမျိုးသားတစ်ဦးသည် ပြီးခဲ့သည့် မေ ၂၄ ရက်က ဓားခုတ်ခံရသဖြင့် ဘယ်ဘက်ဖက်ဖဝါးပြတ်တောက်သွားရာ ဘားအံ့ပြည်သူ့ဆေးရုံမှ တစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိပြီး လက်ဖဝါးပြန်ဆက်သည့် ခွဲစိတ်ကုသမှုခံယူရာတွင် အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဖော်ပြထားသည်။
အဆိုပါလက်ဖဝါးပြန်ဆက်သည့်ခွဲစိတ်ကုသမှုတွင် ခွဲစိတ်မှုကြာချိန် ၇ နာရီကျော်ကြာမြင့်ခဲ့ပြီး ခွဲစိတ် ကုသထားသည့် လက်၏သွေးလည်ပတ်မှုကောင်းမွန်သဖြင့် လက်အခြေအနေကောင်းမွန်လျက် ရှိကြောင်း သိရသည်။
ထို့ကြောင့် လက်ပြတ်တောက်သွားသည့်လူနာကို ကုသနိုင်ရန် ပြတ်တောက်သွားသောလက်ကို ရေသန့်သန့် သို့မဟုတ် အကြောဆေးရည်ဖြင့်ဆေးကာ အရည်တစ်ခုခုစိမ်ထားသည့် အဝတ်ဖြင့် ပတ်ထားရမည်။
ယင်းနောက် သန့်ရှင်းသော ပလတ်စတစ်အိတ် သို့မဟုတ် ဘူးထဲသို့ထည့်၍ လုံခြုံစွာပိတ်ပြီး ရေခဲပုံး အတွင်းထည့်ကာ သယ်ဆောင်နိုင်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးထံမှ သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ၂၀၂၂ ခုနှစ်တွင် လက်ဖျံပြန်ဆက်သည့် ခွဲစိတ်ကုသသူတစ်ဦး၊ ၂၀၂၃ ခုနှစ်တွင် လက်မောင်းပြန်ဆက်သည့် ခွဲစိတ်ကုသသူ တစ်ဦး၊ ၂၀၂၄ ခုနှစ်တွင် လက်မပြန်ဆက်သည့် ခွဲစိတ်သူတစ်ဦး၊ ၂၀၂၅ ခုနှစ် ယခုအချိန်တွင် လက်ဖဝါးပြန်ဆက်သည့် ခွဲစိတ်ကုသသူတစ်ဦးတို့ကို အောင်မြင်စွာဆောင်ရွက်နိုင်ကြောင်းသိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်