ဧရာဝတီတိုင်းမ်
(ကော့ကရိတ်)၊ ဇွန် ၂၁ ရက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းတွင် စစ်ကောင်စီ၏ အောင်ဇေယျစစ် ကြောင်းကိုစစ်ကူလာသည့် စစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ပြီးခဲ့သည့် ဇွန် ၁၉ ရက်က ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA) ထံမှ သိရသည်။

ကျုံဒိုးမြို့မှတစ်ဆင့် အောင်ဇေယျစစ်ကြောင်းသို့ စစ်ကူထွက်လာသည့် တပ်မ(၄၄) နှင့် တပ်မ (၅၅) လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတပ်ဖွဲ့များမှာ ၇ နာရီကျော် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တပ်ရင်းမှူး နှင့် ဗိုလ်မှူးအဆင့်အပါအဝင် ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိကာ ၃၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းလည်း သိရသည်။

တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေးပြုလုပ်ရာတွင်လည်း စစ်ကောင်စီထံမှ MA-1၊ MA-2၊ RPG၊ RPG သီး၊ RPGပို့ယမ်း၊ ၆၀မမ ကွန်မန်ဒိုကျည်ဘောက်မျိုးစုံ၊ ကျည်မျိုးစုံ၊ ကျည်ကာဦးထုပ် စသည့် လက်နက် ခဲယမ်း အသုံးဆောင်ပစ္စည်းအများအပြားကို သိမ်းဆည်းရမိကြောင်းလည်း MLA ထံမှသိရသည်။

စစ်ကောင်စီသည် လက်ရှိအချိန်တွင် ကျုံဒိုးမြို့နှင့်အနီးတစ်ဝိုက်တွင် လှည့်လည်စစ်ကြောင်းထိုးနေသည့် အတွက် ဒေသခံများအနဖြင့် လက်နက်ကြီး၊ လေကြောင်း စသည့် အန္တရာယ်များကို သတိထားရန်လည်း တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထုတ်ပြန်ထားသည်။

လက်ရှိ မွန်-ကရင်စစ်ဆင်ရေးတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့်အတူ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)၊ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်ဆန့်ကျင်ရေး)NMSP(AD) တို့၏ ပူးပေါင်းစစ်ကြောင်းဖြစ်သည့် ရာမညမွန်တပ်တော်(RMA) ပါ ပူးပေါင်းတိုက်ပွဲ ဝင်နေခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – MLA
ပုံစာ – သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများ
#ကော့ကရိတ် #စစ်ကောင်စီ #ကျုံဒိုး #စစ်ကူလာ #အောင်ဇေယျစစ်ကြောင်း #တိုက်ခိုက်ခံရ #Ayeyarwaddy_Times
Boos