ဧရာဝတီတိုင်းမ်
ဇွန် ၂၁ ရက်

ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်တွင် င၀န်မြစ်ရေတိုက်စားကာ ကမ်းပြိုမှုကြောင့်ဇွန်လ ဒုတိယပါတ်အတွင်း အင်္ဂပူ-ညောင်ကျိုးကားလမ်းမြေသားများ မြစ်အတွင်းသို့ပါသွားသည့်အတွက် လမ်ပိတ်ထားကြောင်း ဒေသခံများထံမှသိရသည်။

အင်္ဂပူမြို့နယ်နှင့်ညောင်ကျိုးဒေသသို့ ဆက်သွယ်ထားသည့် ကားလမ်းသည် မိုင်တိုင်အမှတ်(၇/၄)နှင့်(၇/၆)အကြား ကညင်တပင်ကျေးရွာအနိီးတွင် ပြိုကျသွားသောကြောင့်ကားလမ်းကို ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။

“စပြိုကျတုန်းက ဇွန်လ ၁၄ရက်နေ့ကစတာ အဲ့တုန်းက မြေသားက ငါးပေလောက်တော့ကျန်တော့။ ဆိုင်ကယ်တွေ သွားလို့ရတယ် ဇွန်လ ၁၈ရက်နေ့မှာတော့ လမ်းမြေသားအကုန်ပြိုသွားလို့ဆိုင်ကယ်ပါ သွားမရတော့ဘူး တာ၀န်ရှိသူတွေကလည်းလာမကြည့်သေးဘူး”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ကားလမ်းယာယီပိတ်ထားသောကြောင့် ကားကြီး၊ ကားငယ်များမဲဇလီကုန်း-ဆင်သေ-အိုးကွဲ – အင်းကောက်လမ်းမှ ပါတ်ပြီးသွားရသဖြင့် ခရီးလမ်းကြာမြင့်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။

ဧရာ၀တီတိုင်းတွင် မိုးတွင်းကာလအတွင်း မြစ်ရေတိုက်စားမှုများကြောင့်နေအိမ်များ၊ လမ်းများပျက်စီးဆုံးရူံးမှုများ ဖြစ်ပေါ်နေကြောင်းသိရှိရသည်။

#ငဝန်မြစ်ကမ်းပြိုကျ #အင်္ဂပူ #ညောင်းကျိုး #ကားလမ်းယာယီပိတ် #Ayeyarwaddy_Times