
NUG နှင့် မဟာမိတ်အဖွဲ့အစည်းခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး ဟန်ချက်ညီပါက စစ်အာဏာရှင် စနစ် အမြန်အဆုံးသတ်မည်ဟုပြော
ဧရာ၀တီတိုင်းမ်
(တအာင်း) ဇွန် ၂၁ ရက်
တအာင်းပြည်ရှိ နေရာတစ်ခုတွင် ပြီးခဲ့သည့် ဇွန် ၇ ရက်နေ့က ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း BPLA ၏ သတင်းနှင့် ပြန်ကြားရေးအဖွဲ့က ယနေ့ ဇွန် ၂၁ ရက်တွင် ထုတ်ပြန်သည်။
အခမ်းအနားတွင် မဟာမိတ်ခေါင်းဆောင်များက တော်လှန်ရေးအောင်မြင်ရန်အတွက် မတူညီသော အင်အားစုများအကြား ညီညွတ်ရေးလိုအပ်ကြောင်းနှင့် မိမိတို့ဟန်ချက်ညီပါက စစ်အာဏာရှင်စနစ် အမြန်အဆုံးသတ်မည်ဖြစ်ကြောင်း အဓိကထား ပြောကြားခဲ့သည်။
သင်တန်းကာလအတွင်း ထူးချွန်ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆုများပေးအပ်ချီးမြှင့်ခဲ့ရာ လက်ဖြောင့်ဆု ရရှိသွားသည့် စစ်မေသည် “၁၀၂၇ စစ်ဆင်ရေး” တွင် အသက်ပေးခဲ့သော ရဲဘော် အောင်ပိုင်၏ ညီမဖြစ်ကြောင်း အမှတ် (၂၀၃) စစ်ဒေသ၊ ဗျူဟာမှူးက ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ဒုတိယဥက္ကဋ္ဌ ခွန်းဘီထူး၊ ရက္ခိုင့်တပ်တော် (AA) မှ တပ်မှူးတစ်ဦး၊ ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) မှ စစ်ဦးစီးချုပ်နှင့် အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုတိယဥက္ကဋ္ဌနှင့် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) ကွပ်ကဲရေးမှူးတို့ တက်ရောက်ခဲ့ကြသည်။
ထို့အပြင် သင်တန်းဆင်းရဲဘော်များကို လက်နက်များပေးအပ်တပ်ဆင်ခဲ့ပြီး၊ အမှတ် (၂၀၃) စစ်ဒေသ အတွက် တပ်ရင်းသစ်တစ်ခုကိုပါ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-BPLA
#တအာင်း #BPLA #အခြေခံစစ်ပညာသင်တန်း #အမှတ်စဉ်၉ #သင်တန်းဆင်းပွဲ #NUG #မဟာမိတ်အဖွဲ့အစည်းခေါင်းဆောင်များ #Ayeyarwaddy_Times