ဧရာ၀တီတိုင်းမ်
(မကွေး) ဇွန် ၂၁ ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း (ဗျူဟာကုန်း)၏ စစ်ကောင်စီ ကာကင်းစခန်းတစ်ခုကို ယမန်နေ့တွင် အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) နှင့် လူ့ဘောင်သစ်တပ်မတော် (NSA) ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်၊ ခွန်ဇူရွာလမ်းခွဲတွင် တပ်စွဲထားသည့် စစ်ကောင်စီကာကင်းစခန်းကို ယမန်နေ့ ဇွန် ၂၀ ရက် နံနက် ၇ နာရီ ၂၅ မိနစ်တွင် အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) နှင့် လူ့ဘောင်သစ်တပ်မတော် (NSA) ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း ACDF က ယနေ့ ဇွန် ၂၁ ရက်တွင် ထုတ်ပြန်သည်။

ပူးပေါင်းတပ်ဖွဲ့များသည် ခွန်ဇူရွာလမ်းခွဲရှိ စစ်ကောင်စီ၏ ကာကင်းစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲကြာချိန် ၁၅ မိနစ်ခန့်အကြာတွင် စစ်ကောင်စီကာကင်းစခန်းကို အပြီးသတ် စီးနင်းနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးပြီး တစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည့်အပြင် MA အမျိုးအစား လက်နက်ငယ် ငါး လက်၊ BA 100 စိန်ပြောင်း တစ်လက်နှင့် ခဲယမ်းအများအပြားတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ACDF ၏ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-ACDF
#ချင်းပူးပေါင်းတပ်ဖွဲ့များ #နတ်ရေကန်ဗျူဟာကုန်းကာကင်းစခန်း #စီးနင်း #စစ်ကောင်စီတပ်သား #သေဆုံး #လက်နက်ခဲယမ်းများ #သိမ်းဆည်းရမိ #Ayeyarwaddy_Times