
ဧရာဝတီတိုင်းမ်
ဇွန် ၂၀ ရက်
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ စစ်ကောင်စီစခန်းများ တိုက်ခိုက် ခံရပြီးနောက် စစ်ကောင်စီက အနီးနားရှိကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ရန်ကုန်-ပြည်လမ်း မင်းလှမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ပြီးခဲ့သည့် ဇွန် ၁၆ ရက်တွင် တော်လှန်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိများအပါအဝင် ၂၀ ကျော် သေဆုံးခဲ့သည်။
ယင်းသို့ အထိနာသေဆုံးမှုများပြားခဲ့သည့်အတွက် စစ်ကောင်စီတပ်သည် ဇွန် ၁၇ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ရန်ကုန်-ပြည်ကားလမ်းဘေးရှိ စာနီစုကျေးရွာအုပ်စု၊ တာကလေးရွာ ဘုန်းကြီးကျောင်းမှ နေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဂန့်ဂေါ်ပင်အုပ်စု ဖားလေးကွင်း(မြောက်စု)ရွာရှိ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲသဖြင့် အမျိုးသမီးတစ်ဦးသေဆုံးကာ တစ်ဦးမှာပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ဇွန် ၁၈ ရက်နေ့ ည ၈ နာရီ၃၇ မိနစ်ခန့်ကလည်း စိန်ကန့်လန့်ရှိ ခလရ ၁ တပ်ရင်းနှင့် ကျောက်တံခါးဘုရားတောင်ကုန်းပေါ်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပက်တန်းလေးရွာအနီး၊ ဆင်အိုင်ချောင်းပေါက်ရွာ၊ သဖန်းပင်ဆိပ် စသည့်ရွာများပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
“တိုက်ခံရပြီးနောက်မှာ ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်နေတာ။ ၁၉ ရက်နေ့ ကလည်း အင်အားမနည်းဘူး။ တင့်ကားတွေနဲ့ ရောက်လာပြီး တပ်ဖြန့်ထားတယ်။ စစ်ကြောင်းထိုးလာတဲ့ တပ်တွေကို တော်လှန်ရေးတပ်တွေကလည်း ကြားဖြတ်တိုက်နိုင်ခဲ့တာရှိတယ်”ဟု တော်လှန်ရေးတပ်နှင့် နီးစပ်သည့် မင်းလှဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြော သည်။
တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်း၊ ဗိုလ်မှူးဖြိုးမင်းဦးနှင့် ဒုရဲမှူးကြီးစိုးခိုင်တို့အပါအဝင် ၂၀ ကျော်သေဆုံးကာ အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် လက်နက်ကြီး များဖြင့် နေ့စဉ်ရမ်းသန်းပစ်ခတ်နေပြီး ယမန်နေ့ ဇွန် ၁၉ ရက်တွင် မင်းလှမြို့ကို တင့်ကားများအပါအဝင် အင်အားအများအပြားဖြည့် တင်းခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်
စစ်ကောင်စီသည် မင်းလှမြို့နယ် တာကလေး၊ စစ်ကွင်းနှင့် ရန်ကုန် -ပြည်ကားလမ်းမပေါ်တွင် တင့်ကားများဖြင့် တပ်ဖြန့်ထားပြီး စစ်ကူအင်အား ၅၀၀ ခန့် အင်အားဖြည့်တင်းထားကာ တပ်ဖြန့် ထားသည့် စစ်ကွင်းတာဆုံမှနေ၍လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်၍ အရပ်ဝတ်များဖြင့် ကင်း လှည့်နေကြောင်း သိရသည်။
“ဒီဘက်က တပ်ဖြန့်ထားတုန်းမှာ မနေ့က လက်ပံတန်းအနီး ရေငံရွာစခန်းကို ပူးပေါင်းအဖွဲ့တွေ သွားတိုက် ခိုက်တာ သေဆုံးထိခိုက်ဒဏ်ရာရတာတွေရှိတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် မင်းလှမြို့နယ်၌ တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က အင်အားအများအပြားဖြည့်တင်း၍ တင့်ကားများအပြင် ဒရုန်းများ၊ လေယာဉ်ဖြင့်ပါ အသုံးပြုတိုက်ခိုက်ရန်အထိ ပြင်ဆင်ထားကြောင်း သိရသည်။
လက်ရှိတွင် အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ် (တမခ-၆၆) တပ်မမှူးကိုယ်တိုင် ကွပ်ကဲရန်အတွက် မင်းလှမြို့ရှိ ခလရ-၁ တပ်ရင်းသို့ရောက်ရှိနေကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။
ပုံစာ-စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ထားသည်ကိုတွေ့ရစဉ်။
#ပဲခူးအနောက်ခြမ်း #မင်းလှ #ရန်ကုန်_ပြည် #တိုက်ပွဲ #လက်နက်ကြီးပစ်ခတ် #အင်အားဖြည့် #Ayeyarwaddy_Times