
ဧရာဝတီတိုင်းမ်
ဇွန် ၂၀ ရက်
ပဲခူးတိုင်း၊ တောင်ငူမြို့တွင် ခပေါင်းချောင်းရေမြင့်တက်မှုကြောင့် ကျေးရွာ၊ ရပ်ကွက်များအတွင်း ရေကြီး ရေလျှံမှုဖြစ်ပွားနေကာ အချို့နေအိမ်များရွေ့ပြောင်းနေကြကြောင်း တောင်ငူမြို့ရှိလူမှုကူညီရေး အသင်းများထံမှ သိရသည်။
ထို့ပြင်ရက်ရှည်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိုင်းနှင့် ပြည်နယ်အချို့တွင် ရုတ်တရက်ရေကြီး ရေလျှံမှုဖြစ်ပေါ်နိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ထုတ်ပြန်သည်။
ငလျင်လှုပ်ခတ်မှုဒဏ်ကို ခံထားရသော ခပေါင်းဆည်သည် လက်ရှိအချိန်တွင် ဆည်ရေပြည့် အမှတ်သို့ ရောက်ရန် ၃၇ ပေလိုနေပြီး ယခုရေကြီးရေလျှံမှုသည် ပန်းပဲချောင်းနှင့် ချောင်းမငယ်ချောင်းအဖျား မိုးများ၍ ရေကြီးခြင်းဖြစ်ကြောင်း တောင်ငူမြို့ရှိဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနထံမှ သိရသည်။
ခပေါင်းပင်မဆည်သည် ငလျင်လှုပ်ခတ်မှုဒဏ်ကြောင့် မြေသားအနည်းငယ်အက်ထားသဖြင့် အဆိုပါ အနီးအနားတွင် နေထိုင်သူများက ဆည်ကျိုးမည်ကို စိုးရိမ်လျှက်ရှိကြောင်း တောင်ငူမြို့ခံများထံမှ သိရသည်။
“ တောင်ငူမြို့ထဲရေမတက်သေးဘူး။ အမြန်လမ်းနဲ့နီးတဲ့ မြို့အနောက်ဘက်တွေမှာ ရေဝင်နေတာ။ ရေတိုးတာမြန်တယ် “ ဟု တောင်ငူမြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ကချင်ပြည်နယ်၊ ကရင်နီ(ကယား)ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့အတွင်းရှိ မြစ်ငယ်၊ ချောင်းငယ်များ၊ တောင်ကျချောင်းအနီးနှင့် မြေနိမ့်ဒေသများတွင်ရုတ်တရက်ရေကြီးနိုင်ကြောင်း မိုး/ဇလ က ထုတ်ပြန်သည်။
ယင်းဒေသများတွင် မိုးရွာသွန်းမှုအနေဖြင့် ၂၄ နာရီအတွင်း မိုးရေချိန်လက်မ ၁၁ ဒသမ ၈၄ လက်မရွာသွန်းပြီး ၆ နာရီအတွင် ၁ ဒသမ ၀၆ လက်မရွာသွန်းသဖြင့် မြေဆီလွှာပြည့်ဝမှု ၃၀ ရာခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်းအတွင်းရှိနေကြောင်း သိရသည်။
ပဲခူးတိုင်း၊ တောင်ငူမြို့တွင် ဇွန်လ၏ မိုးရေချိန်စံချိန်သစ်တင်ကာ တစ်နာရီအတွင်း မိုးရေချိန် ၅ ဒသမ ၅၁ လက်မ ရွာသွန်းကြောင်း မိုး/ဇလက ယနေ့ဇွန် ၂၀ တွင် ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – တောင်ငူမြို့ရှိ လူမှူကူညီရေးအသင်းများ
#တောင်ငူ #ခပေါင်းချောင်းရေတက် #ရေကြီးရေလျှံ #မိုးသည်းထန် #Ayeyarwaddy_Times