(ချင်းပြည်)၊ဧရာဝတီတိုင်းမ်
ဇွန် ၂၀ ရက်

ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးအတွက် ဘုံရန်သူကို ပထမဦးစားပေးတိုက်ထုတ်ပြီးမှ နယ်မြေဒေသနှင့် မျိုးနွယ်စုအရေးကို တော်လှန်ရေးအလွန်ကာလတွင် နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် ချင်းကာကွယ်ရေးတပ် ၁၈ ဖွဲ့မှ ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့တွင် ပူးတွဲထုတ်ပြန်သည်။

လက်ရှိ ချင်းပြည်နယ်အတွင်း ချင်းလက်နက်ကိုင် အဖွဲ့အစည်းများအကြား မကြာခဏ အချင်းချင်းပွတ်တိုက်မှုနှင့် အငြင်းပွားမှုတို့ကို လက်နက်ဖြင့် ဖြေရှင်းအဖြေရှာရန် ကြိုးပမ်းလာကြကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူများအကြား စည်းလုံးညီညွတ်မှု အားနည်းလာခြင်းတို့သည် ပြည်သူ့တော်လှန်ရေး ခရီးကို နှောင့်နှေးမှေးမှိန်သွားစေနိုင်သည့်အပြင် တော်လှန်ရေးရည်မှန်းချက်ပန်းတိုင်ကိုလည်း ကျဆုံးသွားနိုင်ကြောင်းဆိုသည်။

“အချင်းချင်း နယ်မြေပိုင်ဆိုင်မှု၊ နယ်မြေစိုးမိုးမှု စတဲ့ ငြင်းပွားမှုတွေက မျိုးနွယ်စုတွေမှာရှိပါတယ်။ ဥပမာ အနေနဲ့ MDF နဲ့ CDF-Lautu ဟာမျိုး၊ CDF-Tonzang နဲ့ ZRA ဟာလိုမျိုးတွေပေါ့။ ပြီးတော့ ပလက်ဝ ကိစ္စပါမယ်။ ဒါတွေကို တော်လှန်ရေးအလွန်မှာ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာကြရမယ်ဖြစ်တယ်” ဟု CDF-Zotung တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ချင်းတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများ စည်းလုံးညီညွတ်စွာစုဖွဲ့ပြီး ဘုံရန်သူကို တော်လှန်တိုက်ထုတ်ရန်၊ ချင်းလူမျိုးနှင့် ပိုင်နက်နယ်မြေများကို ခုခံကာကွယ်စောင့်ရှောက်ကြရန်နှင့် ချင်းအမျိုးသားစည်းလုံးညီညွတ်ရေး၊ ချင်းပြည်တည်ဆောက်ရေးအတွက် ချင်းပြည်သူလူထုနှင့်အတူ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ရန်လည်း အဆင်သင့်ရှိကြောင်း ဆိုသည်။

နွေဦးတော်လှန်ရေး၏ အန္တိမပန်းတိုင်ဖြစ်သည့် စစ်ကောင်စီတပ် အမြစ်ပြတ်ချုပ်ငြိမ်းရေး၊ စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး၊ မိမိတို့နယ်မြေ လူမျိုး ကာကွယ်ရန် နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ချင်းပြည်တည်ဆောက်ရေးတို့အတွက် ပေါက်ဖွားလာသည့် ချင်းတော်လှန်ရေးအဖွဲ့များ အားလုံးကို လေးစားဂုဏ်ပြုကြောင်းလည်း ထုတ်ပြန်ဖော်ပြထားသည်။

ထုတ်ပြန်ချက်ကို CDF-Zotung, CDF-Matupi, CDF-Lautu, CDF-Hakha, CDF-Paletwa , Kalay Gabaw Gangaw, CDF Thangtlang,CDF-Lautu, CDF-Zophei, CDF- Mara, Mindat Council, SRF, PDA,CDF-Thado,CDF Tonzang, CDF Siyin , Kanpetlet Council, CDF- Zanniatram, CDF-Hualngoram တို့က ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပုံစာ- CDF-Zotung ရဲဘော်များကို တွေ့ရစဥ်။
#နယ်မြေဒေသနှင့်မျိုးနွယ်စုအရေး #တော်လှန်ရေးအလွန်ကာလ #ချင်းကာကွယ်ရေးတပ်၁၈ဖွဲ့ #ပူးပေါင်းထုတ်ပြန် #Ayeyarwaddy_Times