
ဧရာဝတီတိုင်းမ်
ဇွန် ၂၀ ရက်
အာဏာသိမ်း စစ်ကောင်စီသည် အသက် ၆၂ နှစ်အရွယ် မစ္စတာကင်ချုံအီကို မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီခဲ့ကြောင်း ယမန်နေ့ ဇွန် ၁၉ ရက်တွင် ထုတ်ပြန် သည်။
မစ္စတာကင်ချုံအီကို ၁၉၆၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်တွင် မွေးဖွားခဲ့ကာ ၁၉၈၇ ခုနှစ်တွင် မြောက်ကိုရီး ယားနိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဌာနတွင် အရာရှိအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ပြည်ပသံရုံးများနှင့် ဌာနချုပ်တွင် ရာထူးအဆင့်ဆင့် တာဝန်ယူခဲ့သည်။
မစ္စတာကင်ချုံအီသည် ပါကစ္စတန်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံရုံးတွင် ၁၉၉၁ မှ ၂၀၁၈ အထိ တတိယအတွင်းဝန်၊ ပထမအတွင်းဝန် နှင့် သံမှူး အဖြစ် အဆင့်ဆင့်ပြောင်း၍ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၀ မှ ယနေ့အထိ မြောက်ကိုရီးယားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဌာန-၂ တွင် အကြီးတန်းအရာရှိ၊ ထိုမှတစ်ဆင့် ဒုတိယညွှန်ကြားရေး မှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ၁၉၇၅ ခုနှစ်တွင် မြောက်ကိုရီးယားနိုင်ငံနှင့် သံတမန်ဆက်ဆံရေး စတင်ခဲ့သော်လည်း မြောက်ကိုရီးယားက ၁၉၈၃ ခုနှစ် ရန်ကုန်မြို့၊ အာဇာနည်ဗိမာန်တွင် တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်ကို ရည်ရွယ်ပြီး ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့၍ သံတမန်ဆက်ဆံရေး ရပ်ဆိုင်းခဲ့သည်။
သို့သော်လည်း မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းကာ စစ်အုပ်ချုပ်မှုများ လုပ်ဆောင်ခဲ့၍ နိုင်ငံတကာ၏ အပယ်ခံဖြစ်လာချိန်တွင် မြောက်ကိုရီးယားနှင့် ပြန်လည်ဆက်သွယ်ခဲ့ပြီး ၂၀၀၇ ခုနှစ် ဧပြီတွင် သံတမန် ဆက်ဆံရေးကို ပြန်လည်စတင်ခဲ့သည်။
ယခုခန့်အပ်မည့် သံအမတ်အသစ်မတိုင်မီက မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီးများအဖြစ် မစ္စတာကင်စွတ်ချို နှင့် မစ္စတာဂျုံဟိုဘွန်တို့ တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်းသိရသည်။
မြန်မာနိုင်ငံနှင့် မြောက်ကိုရီယားနိုင်ငံသည် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာထပ်မံသိမ်းယူပြီးနောက်တွင် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန်လာပြီး စစ်တပ်၏ နျူကလီးယားထုတ်လုပ်နိုင်ရေး ရည်ရွယ်ချက်များအတွက် နိုင်ငံတကာမှ စိုးရိမ်မှုများ ပိုမိုတိုးပွားလာကြောင်း သိရသည်။
မြောက်ကိုရီးယားနိုင်ငံသည် မြန်မာအာဏာသိမ်းစစ်ကောင်စီနည်းတူ ရုရှားနိုင်ငံ၏ မဟာမိတ် မိတ်ဖက်နိုင်ငံတစ်ခုဖြစ်ပြီး ယူကရိန်း-ရုရှား စစ်ပွဲတွင်လည်း စစ်ကူအင်အားများစွာကို ထောက်ပံ့ ပေးခဲ့သည့် နိုင်ငံ ဖြစ်သည်။
#မြောက်ကိုရီးယားသံအမတ် #ခန့်အပ် #မစ္စတာကင်ချုံအီ #မြန်မာနိုင်ငံသံရုံး #Ayeyarwaddy_Times