
ဧရာဝတီတိုင်းမ်
(မင်းလှ)၊ ဇွန် ၂၀ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ထောက်ကြန့်ကျေးရွာအုပ်စု၊ တောင်ပြတ်ရွာအနီးတွင် ယနေ့ ဇွန် ၂၀ ရက်နေ့၊ နံနက် ၄ နာရီဝန်းကျင်က နှစ်ဖက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ခုနစ် ဦးထက်မနည်း ကျဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် အင်အား ၄၀၀ ဝန်းကျင်ဖြင့် အလွန်အကျွံ စစ်အင်အားသုံးကာ တောင်ပြတ်ရွာနှင့် အနီးတစ်ဝိုက်တွင် တပ်စွဲထားပြီး နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့ဝင် ငါး ဦးကို အရှင်ဖမ်းဆီး၍ သတ်ဖြတ် ခဲ့ကာ အခြားသေဆုံး ရဲဘော်နှစ်ဦး၏ အလောင်းကိုမူ တော်လှန်ရေးတပ်ဖွဲ့မှ ပြန်လည်ယူဆောင် နိုင်ခဲ့ကြောင်း သိရသည်။
“စစ်တပ် အင်အားနည်းတယ်ထင်ပြီး သွားတိုက်တဲ့ အချိန်မှာ အင်အားကရာချီနေတော့ ကြားညှပ် တိုက်ခိုက်ခံရသလိုဖြစ်သွားပြီး ကျဆုံးများသွားတာ။ အရှင်ဖမ်းခံလိုက်ရတာတွေ့တော့ တော်သေးတယ် တွေးထားတာ။ သတ်ခံလိုက်ရမယ်လို့မထင်ထားဘူး။ အခြား နှစ်ယောက်ကတော့ အလောင်းပြန်ယူလာ နိုင်တယ်လို့သိရတယ်” ဟု မင်းလှအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များမှနေ၍ မင်းလှ တိုက်ပွဲတွင် အလောင်း ငါး လောင်း ရရှိကြောင်း ပြောဆိုရာမှတစ်ဆင့် ရဲဘော်များကို အရှင်ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်က အရှင်ဖမ်းဆီးကာ သတ်ဖြတ်ခဲ့သည့် ရဲဘော် ငါး ဦးမှာ သာယာဝတီခရိုင် PDF တပ်ရင်း (၃)၊ ၃၈၀၃ တပ်ရင်းမှ ဖြစ်ပြီး လက်ရှိတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် တောင်ပြတ်ရွာကို စစ်ကောင်စီက မီးတင်ရှို့နေကြောင်း သိရသည်။
မင်းလှမြို့နယ်တွင်းရှိ စစ်ရေးအခြေအနေမှာ ပြင်းထန်နေပြီး စစ်ကောင်စီ၏ တပ်မ-၆၆ တပ်မမှူး ကိုယ်တိုင် ခလရ-၁ တပ်ရင်းတွင် ကြီးကြပ်ကွပ်ကဲကာ တင့်ကားများကိုပါအသုံးပြု၍ ပဲခူးရိုးမအတွင်းသို့ စစ်ကြောင်းထိုးနေကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကောင်စီ လော်ဘီတယ်လီဂရမ်
#မင်းလှ #စစ်ကောင်စီ #စစ်ကြောင်းထိုး #တိုက်ပွဲ #ရဲဘော်ကျဆုံး #သတ်ခံရ #PDF #Ayeyarwaddy_Times