
ဧရာဝတီတိုင်းမ်
(မွန်)၊ ဇွန် ၂၀ ရက်
မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)၏ တတိယအကြိမ်မြောက်ကျင်းပသည့် ညီလာခံမှတစ်ဆင့် မွန်ပြည်နယ်နှင့် ဆက်စပ်ဒေသများရှိ စစ်ဘေးသင့်အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် အရပ်သားများကို လုံခြုံရေးပေးနိုင်ရန် ခရိုင်အဆင့် ကော်မတီများဖွဲ့စည်း သွားမည်ဖြစ်ကြောင်း သိရသည်။
MSFC အနေဖြင့် အမျိုးသမီးနှင့် ကလေးသူငယ်များ၏ လိုအပ်ချက်များကို ဦးစားပေးဆောင်ရွက်သွားရန် ကော်မတီတစ်ရပ်ဖွဲ့စည်းသွားမည်ဖြစ်ပြီးကော်မတီကို မည်သည့်ပုံစံဖွဲ့စည်းသွားမည်ဆိုသည်ကို ကော်မတီဝင်များ၏ အကြံအဥာဏ်ပေါ်မူတည်ကာ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မွန်ပြည်ဖက်ဒရယ်ကောင်စီအတွင်း အမျိူးသမီး၊ ကလေး၊ ဂျန်ဒါတန်တူရေး ဌာနဟူ၍ ရှိထားပြီး လိုအပ်သည့်အမျိုးသမီးအသုံးအဆောင်ပစ္စည်းများထောက်ပံ့ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအတွက် မွေးစရိတ်ထောက်ပံ့ပေးခြင်းများ၊ ကျား၊မအခြေပြုအကြမ်းဖက်ခံရသူများ(GBV survivours)အတွက် အမှုလိုက်ပါဆောင် ရွက်ပေးခြင် နှင့် နှစ်သိမ့်ဆွေးနွေးမှုပေးခြင်းများ၊ Gender Based Violence နှင့်ပတ်သက်ပြီး ပညာပေးခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။
“အမျိုးသမီးနဲ့ကလေးသူငယ် တွေလိုအပ်ချက်တွေကိုကျွန်မတို့ ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ အမျိုးသမီး ကလေးတွေအတွက် လိုအပ်သောထောက်ပံ့မှုတွေကို စီစဉ်ဆောင်ရွက်ပေးနေပါတယ်။ ဒေသခံအမျိုးသမီးအဖွဲ့တွေနဲ့ တွေ့ဆုံပြီး အမျိုးသမီးတွေရဲ့ အခြေနေကိုတိုင်ပင်ဆွေးနွေးကြပါတယ်။ တော်လှန်ရေးတပ်တွေမှာလည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမဖြစ်အောင် ပညာပေးမှုတွေလည်းလုပ်ဆောင်ခဲ့တာရှိပါတယ်” ဟု MSFC တရားရေးကော်မတီ ယာယီဥက္ကဌဖြစ်သူ မိဆောင်တဂျိုက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကောင်စီအတွင်းရှိ ရာထူးနေရာအသီးသီးတွင်အမျိုးသမီးများပါဝင်ရန် MSFC အနေဖြင့် ထည့်သွင်းစဉ်းစားလေ့ရှိပြီး လက်ရှိတွင်လည်း ပျမ်းမျှအားဖြင့် ၂၅ ရာခိုင်နှုန်းခန့်ပါဝင်နေကာ ထိပ်ပိုင်းခေါင်းဆောင် နေရာများတွင်လည်း အမျိုးသမီးများပါဝင် နေကြောင်း သိရသည်။
MSFC ၏ ဌာနအချို့တွင်တွင် အမျိုးသမီးပါဝင်မှု ၃၀ ရာခိုင်နှုန်း ကျော်ရှိပြီး ဌာနကော်မတီတိုင်းတွင် ကျား-မ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်မှုရှိစေရန် ကြိုးစားထားကာ တတိယအကြိမ်မြောက်ညီလာခံတွင်လည်း သဘာပတိများအဖြစ် ကောင်စီဝင် မိကွန်ချမ်းနွန် အပါအဝင် နိုင်ကောင်းရွက်၊ ဒေါက်တာသီရိမွန်ချမ်းတို့ကို ရွေးချယ်ခဲ့ကြောင်းလည်း သိရသည်။
“မွန်ဒေသတွင်း တိုက်ပွဲဒေသတွေမှာ အမျိုးသမီးတွေအနေနဲ့ စိတ်ဒဏ်ရာတွေ ရခဲ့တယ်။ တချို့ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဆိုရင် မွေးဖို့အခက်အခဲရှိတယ်။ တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်နေတဲ့အချိန်အခါတွေမှာ အမျိုးသမီးတွေရဲ့ကိုယ်ရေးလုံခြုံရေးဟာ ဆိုးရွားတဲ့အထိ ချိုးဖောက်ခံရတတ်ပါတယ်” ဟု မိဆောင်တဂျိုက မွန်ဒေသတွင်း အမျိုးသမီးများနှင့်ပတ်သက်ပြီး ဆက်လက် ပြောကြားခဲ့သည်။
MSFC အနေဖြင့် မွန်ဒေသအတွင်း တိုက်ပွဲဒေသနှင့် တော်လှန်ရေးနယ်မြေများတွင်သာမက မြို့ပေါ်နှင့် စစ်ကောင်စီအုပ်ချုပ်နယ်မြေများတွင်ပါ အကူအညီလိုအပ်သူများ၊ မိသားစုများကို ရိက္ခာပေးအပ်ခြင်းများ၊ အကူညီများထောက်ပံ့ပေးခြင်းများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပိုမိုကောင်းမွန်သည့် အကြံဉာဏ်များ၊ နည်းပညာများ၊ အကူအညီများကို ရရှိနိုင်ရန်လည်း အမျိုးသမီးအင်အားစုများ နှင့် ပြည်သူများကိုလည်း MSFC မှအမြဲတမ်းကြိုဆိုနေပြီး မွန်လူမျိုးနှင့် မွန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်းကူညီပေးကြရန်လည်း တတိယအကြိမ်မြောက်ညီလာခံ သတင်းစာရှင်းလင်းပွဲတွင် MSFC မှ ပြောဆိုခဲ့သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#မွန်ပြည်ဖက်ဒရယ်ကောင်စီ #အမျိုးသမီး #ကလေး #စစ်ဘေးသင့် #ကော်မတီဖွဲ့စည်း #အကူအညီပေးရေး #Ayeyarwaddy_Times