ဧရာဝတီတိုင်းမ်
ဇွန် ၁၉ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ ဘုရားကုန်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များပြားနေကြောင်း သိရသည်။

မှော်စီစာ ဘုရားကုန်းတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်ကို ပြီးခဲ့သည့် ဇွန် ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့်ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ တပ်မ ၃၃ စစ်ဦးစီးမှူး ဒုတိယတန်း ဗိုလ်မှူးဖြိုးသက်ဇော်အပါအဝင် ၃၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

“စစ်ရေးအရှိန်ကပိုမြင့်လာတယ်။ စစ်ဦးစီးမှူးသေတယ်လို့ သတင်းထွက်ပြီးကတည်းက မှော်စီစာနဲ့ ကုဋေမှော်ဘက်ကို အင်အားဖြည့် စစ်ကြောင်းထိုးတာတွေ လုပ်လာပါတယ်။ စစ်တပ်ဘက်က သေဆုံးသူ များတယ်”ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဗိုလ်မှူးဖြိုးသက်ဇော်၏ အလောင်းကို မှော်ဝမ်းကျေး ရွာအနီးတွင် မြုပ်နှံ သင်္ဂြိုဟ်ခဲ့ကြပြီး ပြန်လည်သယ် ယူသွားသည့် စစ်ကောင်စီအလောင်း ၃၀ ကျော်ကို ဖားကန့်တပ်မကုန်းတွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

စစ်ဦးစီးမှူး သေဆုံးခဲ့ပြီးနောက် တိုက်ပွဲမှာ ပိုမိုပြင်း ထန်လာပြီး ယမန်နေ့ ဇွန် ၁၈ ရက်နေ့တွင် မှော်စီစာနှင့် ကုဋေမှော်ကြားတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် မှော်ဝမ်းကြီး၊ မှော်ဝမ်းလေးအနီးတွင်လည်း ယနေ့ ဇွန် ၁၉ ရက်နေ့တွင် နံနက် ၈ နာရီအချိန်မှစ၍ တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ယနေ့ ညနေပိုင်းတွင် မှော်ဝမ်းလေးဘက်သို့ လေကြောင်းမှစတင်ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန့်တပ်မကုန်းတွင် ဇွန် ၁၆ ရက်နှင့် ၁၇ ရက် နှစ်ရက်အတွင်း အလောင်း ၃၁ လောင်း သင်္ဂြိုဟ်ခဲ့ကြောင်း ကချင် သတင်းရင်းမြစ်ထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန် ၁ ရက်နေ့မှစတင်ကာ မှော်စီစာဘုရားကုန်းတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်က မှော်များကို လှည့်လည်ပြီး စက်ယန္တယားများကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိသည်။

#ကချင် #ဖားကန့် #၂ရက်အတွင်း #စစ်ဦးစီး ##၃၀ကျော် #ဖားကန့်တပ်မ #သင်္ဂြိုဟ် #Ayeyarwaddy_Times