
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၁၉ ရက်
ပဲခူးတိုင်း၊ ဝင်းနိမ္မိတာရုံဆရာတော် ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီက ဝန်ခံကာ အဖြစ်မှန်စုံစမ်း ဖော်ထုတ်သွားမည်ဟု ဆိုထားသော်လည်း ယနေ့ဇွန် ၁၉ ရက် တစ်နှစ်ပြည့်သည်အထိတိုင် နောက်ဆက်တွဲအဖြေ ထွက်လာခြင်းမရှိကြောင်း သိရသည်။
ဆရာတော်သည် ရွှေကျင်ဂိုဏ်း၏ ဗဟိုအလုပ်အမှုဆောင်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့-မဟန(ငြိမ်း)ဖြစ်ပြီး မန္တလေးတွင် ကျင်းပသည့် ရွှေကျင်သံဃအစည်းအဝေးသို့ တက်ရောက်ရန်သွားစဉ် စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်ခတ်၍ ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီက အစပိုင်းတွင် PDF များကို ပစ်ခတ်ခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့သော်လည်း ဆရာတော်နှင့်အတူ လိုက်ပါစီးနင်းလာသည့် ကန်သုံးဆင့် ဆရာတော်က ထုတ်ဖော်မိန့်ကြားသဖြင့် ဝန်ခံလာရကာ ရှေ့နောက်မညီသော စကားများဖြင့် လိမ်ညာလှည့်ဖြားခဲ့ကြောင်း တပည့်ဆရာတော်များ မိန့်ကြားသည်။
“အဲဒီကတည်းက အဖြစ်မှန်ကို ဖော်ထုတ်မှာ မဟုတ်ဘူးဆိုတာ သိထားပြီးသားပါ။ အခုထိလည်း ဘာမှမကြားရဘူးလေ” ဟု ဝင်းနိမ္မိတာရုံဆရာတော်၏ တပည့်သံဃာဖြစ်သူ နွေဦးတော်လှန်ရေး သံဃ ကွန်ရက်မှ အထွေ ထွေအတွင်းရေးမှူး ဆရာတော် ဦးအဂ္ဂ(နယူးဒေလီ)က ဧရာဝတီတိုင်းမ်ကို မိန့်သည်။
စစ်ကောင်စီက ဆရာတော်လိုက်ပါလာသည့် Surf ကားကို လုံခြုံရေးအရ ပစ်ခတ်ခဲ့ရပြီး ၎င်းတို့၏ အဆင့်မြင့်အရာရှိများ ပါဝင်သည့် အဖြစ်မှန်စုံစမ်း ဖော်ထုတ်ရေးအဖွဲ့ကို ဖွဲ့စည်းကာ စုံစမ်းဖော်ထုတ်သွားမည်ဟု ယမန်နှစ် ၂၀၂၄ ဇွန် ၂၁ ရက်က ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ယာဉ်ကိုရပ်ရန် အော်ဟစ်လက်ပြ တားဆီးခြင်းနှင့် သေနတ်ကို မိုးပေါ်ထောင်၍ ပစ်ခတ်တားဆီးခြင်းများ ပြုလုပ်ခဲ့သော်လည်း ယာဉ်မရပ်တန့်သည့် အတွက် နောက်မှလိုက်၍ ပစ်ခတ်ခြင်းဟု ဆိုထားသည်။
“အာဏာလုတာကို လက်မခံတဲ့အကြောင်း ဆရာတော်က စာထုတ်ပြီးတော့ ပြောဆိုခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီလိုဆရာတော်တွေကို စနစ်တကျ လုပ်ကြံပြလိုက်တာ” ဟု နွေဦးတော်လှန်ရေး သံဃကွန်ရက် ဆရာတော် ဦးဝါယမက ဧရာဝတီတိုင်းမ်ကို မိန့်ကြားသည်။
စစ်ကောင်စီ၏ အဆိုပါလုပ်ရပ်သည် ရဟန်းသံဃာထုကို ကြောက်လန့်အောင်၊ ပြည်သူလူထုဘက်က မရပ် တည်ရဲအောင် လုပ်ဆောင်ချက်ဖြစ်ပြီး ၎င်းတို့၏ ပြောစကားများသည်လည်း ရှေ့နောက်ညီညွတ်မှုမရှိကြောင်း ဆရာတော် ဦးဝါယမက ဆက်လက်မိန့်သည်။
ဝင်းနိမ္မိတာရုံဆရာတော် ပစ်သတ်ခံရမှုကို အဖြစ်မှန်သိရှိအောင် ဖွင့်ဟမိန့်ကြားခဲ့သည့် ကန်သုံးဆင့် ဆရာတော်ကိုလည်း နန်းတွင်းစစ်ကြောရေးတွင် နာရီနှင့်ချီကြာအောင် စစ်ကောင်စီက စစ်ဆေးမေးမြန်း မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ရည်ရွယ်ချက်ရှိရှိဖြင့် ဝင်းနိမ္မိတာရုံဆရာတော်ကို လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်သည်ဟု ဆိုနိုင်သော်လည်း အာဏာသိမ်းမှုကို မထောက်ခံ၍ ဖြစ်နိုင်ချေရှိသလို အခြားအကြောင်းရင်းများကြောင့်လည်း ဖြစ်နိုင်ကြောင်း ဆရာတော် ဦးအဂ္ဂ(နယူးဒေလီ)က ထောက်ပြမိန့်ကြားသည်။
အဆိုပါ အခင်းဖြစ်ပွားသည့်နေ့က ဆရာတော်လိုက်ပါ စီးနင်းသည့်ကားကို မောင်းနှင်ခဲ့သူ ယာဉ်မောင်းအား မန္တ လေးနန်းတွင်း စစ်ကြောရေးအတွင်းသို့ ခေါ်ဆောင်ကာ PDF များ ပစ်ခတ်ခြင်းဟု လိမ်လည် ထွက်ဆိုခိုင်းပြီး နောက်ပိုင်းပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#စစ်ကောင်စီပစ်ခတ် #ဝင်းနိမ္မိတာရုံဆရာတော် #ပျံလွန်တော်မူ #၁နှစ်ပြည့် #ဖော်ထုတ်ခြင်းမရှိ #လုပ်ကြံခြင်း #တပည့်ဆရာတော်များမိန့်ကြား #Ayeyarwaddy_Times