ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇွန် ၁၉ ရက်

တနင်္သာရီ တိုင်း ၊ ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသ ၊ အုန်းပင်ကွင်းကျေးရွာအုပ်စု ၊ ပယကျေးရွာတွင် နေထိုင်သော ဇနီးမောင်နှံ နှစ်ဦး ကို ဇွန်လ ၁၇ ရက် မွန်းလွဲ နှစ်နာရီခန့်တွင် မောရဝတီရေတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသည့် ဇနီးမောင်နှံ နှစ်ဦးမှာ ပယရွာ ၊ ရှားကုန်းတွင်နေထိုင်သည့် ကိုအောင်ကိုသက် နှင့် မမီးခြူးတို့ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းမှာ မမီးခြူး၏မောင်ဖြစ်သူသည် တော်လှန်ရေး တပ်ဖွဲ့တစ်ခုတွင်ရှိနေသည်ဟု အကြောင်းပြချက်ဖြင့် ဇနီးမောင်နှံ နှစ်ဦးစလုံးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

“စစ်ကောင်စီက ဇွန်လ ၁၇ ရက် နေ့လယ်လောက် မှာ ရှားကုန်းက နေအိမ် မှာ ဇနီးမောင် နှံ နှစ်ဦးစလုံးကိုလာဖမ်းသွားတယ်။အဓိက လာဖမ်းတာက မမီးခြူး ရဲ့ အဖေနဲ့အမေကိုလာဖမ်းတာ။ မမီးခြူး ရဲ့ အဖေ နဲ့ အမေက ရွာ မှာ မရှိဘူး။ တစ်ခြားမှာ အလုပ်သွားလုပ်နေကြတယ်။ဒါကြောင့် တွေ့တဲ့ လူကိုဖမ်းခေါ်သွားတာ” ဟု ရှားကုန်း ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

မောရဝတီ ရေတပ် မှ စစ်ကောင်စီတပ်ဖွဲ့ ဝင်များသည် မမီးခြူး နှင့် ခင်ပွန်း ဖြစ်သူကို ဖမ်းဆီးပြီးနောက် တော်လှန်ရေး တပ်ဖွဲ့တစ်ခုအတွင်းရှိနေသည့် မမီးခြုး၏ မောင်ဖြစ်သူထံ ဖုန်းဖြင့်ဆက်သွယ်ခိုင်းပြီး လက်နက်ချ အလင်းဝင်ရန်ပြောဆိုကြောင်း ၎င်း တို့၏မိတ်ဆွေများ နှင့် ဒေသခံများထံမှသိရသည်။

“မမီးခြူး ဖုန်းနဲ့ စစ်ကောင်စီတပ်က တော်လှန်ရေး အဖွဲ့ထဲမှာ ရှိတဲ့ မောင်ဖြစ်သူဆီကို ဆယ်သွယ်ခိုင်းတယ်။ အဲဒီအချိန် မှာ မောင်ဖြစ်သူ ကဖုန်းကိုင်တော့ စစ်ကောင်စီတပ်က မမီးခြူး လက်ထဲကဖုန်းကိုယူပြီး မင်း ငါတို့ ဆီ မှာ လက်နက်ချပြီး အလင်းလာဝင်ပါ။မင်း အစ်မနဲ့ ယောက်ဖ ကို ငါတို့ဖမ်းထားပြီးပြီ။တကယ်လို့ လက်နက်ချပြီး အလင်းမဝင်လို့ ရှိ ရင် မင်းအစ်မ ကိုရော မင်းယောက်ဖ ကို ရော ပစ်သတ်မည်”ဟု ခြိမ်းခြောက်၍ ပြောဆိုလိုက်ကြောင်း ရှားကုန်း ဒေသခံက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သော ဇွန်လ ၁၅ ရက် နေ့က ပယရွာ ရွှေမိုးညိုဘုရား အနီးတွင်တပ်စွဲထားသည့် စစ်ကောင်စီဂိတ်စခန်း သုံးခု တစ်ပြိုင်တည်း တိုက်ခိုက်ခံရပြီးနောက် ဒေသခံများ ကို စစ်ကောင်စီတပ်က ပစ်မှတ်ထားဖမ်းဆီးမှုများပြုလုပ်လာကြောင်း ဒေသခံများထံမှသိရသည်။

#ရေဖြူ #ပယရွာ #ဇနီးမောင်နှံ၂ဦး #ကိုမောရဝတီရေတပ်ဖမ်းဆီး #Ayeyarwaddy_Times