
ဧရာဝတီတိုင်းမ်
ဇွန် ၁၉ ရက်
စစ်ကောင်စီသည် ဇွန် ၁၀ ရက်မှ ၁၇ ရက် ယခုသီတင်းနှစ်ပတ်အတွင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်မှတစ်ဆင့် ကုန်သည်များထံ အမေရိကန်ဒေါ်လာ ၇၅ သန်းရောင်းချခဲ့ကြောင်းသိရသည်။
စစ်ကောင်စီသည် ဇွန် ၁၇ ရက်နေ့တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၃၃ သန်း၊ ဇွန် ၁၆ ရက်နေ့တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် ကန်ဒေါ်လာ ၁၀ သန်းနှင့် ဇွန် ၁၀ ရက်နေ့တွင် စက်သုံးဆီလုပ်ငန်းရှင် အများအတွက် ကန်ဒေါ်လာ ၃၂ သန်းရောင်းချပေးခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။
စစ်ကောင်စီထံတွင် နိုင်ငံတကာမှငလျင်ဘေးလှူဒါန်းငွေများအပါအဝင် ထိုင်းနိုင်ငံထံရောင်းချသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ဝင်ငွေများမှ နိုင်ငံခြားဝင်ငွေရရှိနေပြီး ယခုကဲ့သို့အမေရိကန် ဒေါ်လာအများအပြား ထုတ်ရောင်းနိုင်ခြင်းဖြစ်နိုင်ကြောင်း စီးပွားရေးသုတေသနပြုသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို မှတ်ချက်ပြုပြောကြားသည်။
ထို့ပြင်စစ်ကောင်စီသည် ကုန်ကြမ်းယူ ကုန်ချောပေး (CMP) အထည်ချုပ်လုပ်ငန်း၊ ဆန်စပါးလုပ်ငန်း၊ ရေထွက်ကုန်လုပ်ငန်းနှင့် အခြားပို့ကုန်လုပ်ငန်းများထံမှ နိုင်ငံခြားဝင်ငွေရရှိကြောင်း သိရသည်။
လက်ရှိတွင်စစ်ကောင်စီက ဒေါ်လာထုတ်ရောင်းနေမှုကြောင့် နိုင်ငံခြားငွေအဓိကထားသုံးစွဲနေရသည့် စက်သုံးဆီဈေးနှုန်းတည်ငြိမ်နေပြီး စားသုံးဆီဈေးအနည်းကျကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။
ကမ္ဘာ့နိုင်ငံရေးမငြိမ်သက်မှုများကြောင့် ဇွန် ၁၃ ရက်နေ့နောက်ပိုင်းတွင် ကမ္ဘာရွှေဈေးမြင့်တက်ပြီးနောက် ပြည်တွင်းရွှေဈေးနှင့် နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်းများ မြင့်တက်သွားသည်။
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်းများ မတည်မငြိမ်ဖြစ်စေရန် အတွက် လှုံ့ဆော်မှုရှိ၊ မရှိကိုစောင့်ကြည့်နေပြီး လှုံ့ဆော်သူများတွေ့ရှိပါက ပိုင်ဆိုင်မှုများပိတ်သိမ်း၍ တည်ဆဲဥပဒေနှင့်အညီ တရားစွဲဆိုမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် လိုင်စင်မရှိဘဲ နိုင်ငံခြား ငွေကြေးများ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သူများကိုလည်း အရှိန်မြှင့် အရေးယူမည်ဖြစ်ကြောင်း ဆိုထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#စစ်ကောင်စီဒေါ်လာရောင်းချ #ကန်၇၅သန်း #စက်သုံးဆီ #သွင်းကုန် #Ayeyarwaddy_Times