ဧရာဝတီတိုင်းမ်
ဇွန် ၁၉ ရက်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာတရားရုံးတစ်ခုအတွင်း တရားရင်ဆိုင်ရပုံနဲ့ ထောင်တွင်း နေ့ စဉ်ဖြတ်သန်းမှုမှတ်တမ်းတွေကို The Guardian သတင်းဌာနက မြင်တွေ့ခဲ့ရာ အသက် ၈၀ ပြည့်မွေးနေ့ နီးကပ်လာတဲ့ ဖြုတ်ချခံ အရပ်သားခေါင်းဆောင်တစ်ဉီးရဲ့ဘဝကို ရိပ်ခနဲမြင်တွေ့ခွင့်ရပါတယ်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးမခံရခင် မြန်မာနိုင်ငံကို ခြောက်နှစ်ကြာ ဉီးဆောင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြင်တွေခဲ့ သို့မဟုတ် သူ့အကြောင်း ကြားသိခွင့်ရသူ အနည်းငယ်သာရှိခဲ့ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားရှိပြီး ပြင်ပကမ္ဘာနဲ့ ထိတွေ့ခွင့် တင်းကြပ်စွာ ထိန်းချုပ်ထားကာ သူ့ရဲ့ ရှေ့နေအဖွဲ့ကာ တစ်ခါတစ်ရံ တွေ့ခွင့်ရပါတယ်။

၂၀၂၂ ခုနှစ် ဩဂုတ်လနှင့် ဒီဇင်ဘာလမှ အဆိုပါ မှတ်တမ်းရုပ်သံဖိုင်များတွင် ဒေါ်အောင်ဆန်းစု ကြည်အား ယာယီအထူးတရားရုံးအတွင်း သမ္မတဟောင်း ဦးဝင်းမြင့်နှင့်အတူ တရားရင်ဆိုင်နေသည်ကို တွေ့ရပါတယ်။ အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အား စွဲချက်ပေါင်းများစွာနဲ့ ထောင် ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားလာခဲ့ပြီး အသက်အန္တရာယ်ရှိနေတဲ့ လို့ မိသားစုနဲ့ ထောက်ခံသူတွေက စိုးရိမ်မှုတွေရှိနေစဉ် CDM စစ်သားတွေနဲ့ စုဖွဲ့ထားတဲ့ ပြည်သူ့ရင်ခွင် အဖွဲ့က အဆိုပါရုပ်သံဖိုင်ကို The Guardian သတင်းဌာနကို ပေးပို့ခဲ့တာပါ။

နေပြည်တော်ရှိ အထူးတည်ဆောက်ထားတဲ့ အကျဉ်းထောင်တွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေ့ စဉ်နေထိုင်မှုမှတ်တမ်းများတွင် ၂၀၂၄ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလမှ ရက်အနည်းငယ်ကိုလည်း ဖော်ပြ ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှာ ပြင်ပကမ္ဘာနဲ့ အဆက်ပြတ်နေတယ်လို့ သိရပါတယ်။

“သူရဲ့အသံနဲ့ လမ်းလျှောက်တဲ့ပုံစံက မပြောင်းလဲပါဘူး။ သူရဲ့ဆံပင်မှာ ပန်းပန်တာကိုလည်း ရပ်လိုက်ပြီ။ သူကိုယ်တိုင်လည်း မပန်ချင်တော့လို့ ပါပါတယ်” လို့ ၂၀၂၄ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစု ကြည်ကို နောက်ဆုံး တွေ့မြင်ခဲ့ရတဲ့ အကျဉ်းဦးစီးဌာန သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

ကျန်းမာရေး စိုးရိမ်စရာများ
ပေါက်ကြားလာတဲ့ ရုပ်သံဖိုင်တွေကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ စိုးရိမ်မှု တွေ မြင့်တက်စေပြီး သူရရှိတဲ့ ဆေးဝါးတွေကို အသေးစိတ်ဖော်ပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေက စိုးရိမ်စရာလို့ အာဏာသိမ်းမှုဆန့်ကျင်သူတွေကို ဆေးကုသမှုကြေင့် ထောင် ချခံခဲ့ရတဲ့ အသက် ၃၀ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ဒေါက်တာအောင်ကျော်က ပြောပါတယ်။

“အာဟာရချို့တဲ့မှု၊ နေရောင်ခြည်မရရှိမှု၊ နွေရာသီမှာ ရေဓာတ်ကုန်ခန်းပြီး အပူလျှပ်ခြင်းက သူ့ ရဲ့ ကျန်းမာရေးကို ပိုဆိုးစေနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အခန်းမှာ အပူချိန်က ၃၁ ဒီဂရီဆဲစီး ယပ်စ်ရှိပါတယ်” လို့ ၎င်းက ရှင်းပြပါတယ်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်တွေမှာ ဖြစ်ပွားလေ့ရှိတဲ့ ကိုဗစ်-၁၉၊ တီဘီရောဂါနဲ့ အရေပြားကူး စက်ရောဂါတွေကို ဒေါ်အောင်ဆန်းစုကြည် ခံနိုင်ရည်ရှိမှာမဟုတ်ဖူးလို့ သူက ဆက်ပြောပါတယ်။

“အသက် ၈၀ နှစ်နီးပါးရှိသူကို အကျဉ်းချပြီး တိုက်ပိတ်ထားခြင်း၊ မိသားစု၊ မိတ်ဆွေတွေနဲ့ အ ဆက်အသွယ်ဖြတ်တောက်ခြင်းက သူ့ရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် အများကြီး ဆုံး ရှုံးမှု ဖြစ်စေနိုင်ပါတယ်” လို့ သူက ဆိုပါတယ်။

တရားထိုင်ခြင်း၊ စာဖြတ်ခြင်း၊ အထီးကျန်ခြင်း
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တစ်နေ့တာမှာ နံနက် ၄ နာရီ ၃၀ မိနစ်မှ စတင်ကာ ည ၈ နာရီ ၃၀ မိ နစ်မှာ ပြီးဆုံးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းထောင်အတွင်း တရားထိုင်ကာ ညနေပိုင်းမှာ လေ့ကျင့်ခန်းအတွက် အကျဉ်းထောင်အတွင်း လမ်းလျှောက်ချိန်မှအပ တစ်နေ့တာလုံး ပုတီးစိပ်ကာ အ ချိန်ကုန်ဆုံးလေ့ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်စာအဖြစ် ထမင်းနှစ်ဇွန်း၊ ကြက်သား၊ ငါးဖယ်ဆုပ်ဟင်းချို၊ ချောကလက်နှစ်တောင့်နဲ့ နဂါးမောက်သီးအနည်းငယ် စားသုံးလေ့ရှိပြီး နေ့လည်စာအဖြစ် ကြက်ဉကြော် နှစ်လုံး၊ ထမင်းအနည်းငယ်၊ အသား သို့မဟုတ် ငါးကို စားသုံးကာ ညစာအဖြစ် ပေါင်မုန့်ကို စားတယ်လို့ ထောင်တွင်းမှတ်တမ်းတွေက ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီထိန်းချုပ် သတင်းစာတွေကို ဖတ်ရှုခွင့်ရလို့ ၂၀၂၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်အခြေအနေကို အနည်းငယ် သိရှိတယ်လို့ ဆိုပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုအချိန်ကအုပ်ချုပ်တဲ့ စစ်တပ်ကို ပွင့်ပွင့်လင်းလင်း ဝေဖန်မှု ကြောင့် ၁၉၈၉ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ရန်ကုန်မြို့ရှိ နေအိမ်မှာ အကျယ်ချုပ်ကို ဆယ်စုနှစ်ချီ ထိန်း သိမ်းခံခဲ့ရပါတယ်။

ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်ဟာ ရေဒီယိုတွေကနေ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်မပြတ် ခဲ့ဘဲ BBC နဲ့ VOA ကို နားထောင်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိ ထိန်းသိမ်းခံရတဲ့ကာလမှာတော့ ဒေါ် အောင်ဆန်းစုကြည်ဟာ ယင်းသို့သော အခွင့်အရေးမျိုးတွေ မရရှိတော့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုမှုကြောင့် ရှေ့နေအဖွဲ့က အင်္ဂလိပ်ဘာသာနဲ့ထုတ်တဲ့စာအုပ်တွေ၊ ပြင်သစ်ဝတ္ထုတွေ ပေးပိုခဲ့ပြီး သူဟာ နေ့စဉ် နာရီနဲ့ကြာအောင် စာဖတ်လေ့ရှိတယ်လို့ ရုပ်သံဖိုင်က ဖော်ပြပါတယ်။

မိခင်ဖြစ်သူနဲ့ နောက်ဆုံးအကြိမ် ဆက်သွယ်ခဲ့တာ လွန်ခဲ့သော နှစ်နှစ်ကျော်က ဖြစ်တယ်လို့ ဒေါ် အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကင်အဲရစ်က ပြောပါတယ်။

“စစ်တပ်က စာကို စစ်ဆေးမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးအ ကြောင်း မပြောပါဘူး။ ကလေးတွေအကြောင်းနဲ့ မေ့မေ့ရဲ့ကျန်းမာရေးအကြောင်းကိုသာ မေးမြန်းခဲ့တာ ပါ” လို့ ၎င်းက ရှင်းပြပါတယ်။

ဆရာဝန်တစ်ဉီးရှိပြီး ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ခွင့်ရမယ့် ရန်ကုန်မြို့ရှိနေအိမ်မှာ ဒေါ်အောင်ဆန်း စုကြည်ကို အကျယ်ချုပ်ထားရင် အလွန် ပျော်ရွှင်မိမယ်လို့ သူက ပြောပါတယ်။

“ကျွန်တော် အရမ်းကို စိုးရိမ်ပါတယ်။ မေ့မေ့ကို နေအိမ်အကျယ်ချုပ်ထားတယ်လို့ တစ်ကမ္ဘာလုံး က ထင်ကြပေမယ့် အဲလိုမဟုတ်ပါဘူး။ မေမေ အသက်ရှင် မရှင်တောင် ကျွန်တော် မသိရပါဘူး။ အတည် ပြုရမယ့်နည်းလမ်းလဲ မရှိပါဘူး” လို့ ကင်အဲရစ်က ဆက်ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ ဇွန်လမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က သူ့ရဲ့ပုံပါတဲ့ မွေ့နေ့ကိတ်တစ်ခု မှာခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တရားရုံးချိန်းတစ်ခု အပြီးမှာ မွေးနေ့ကို အကျဉ်းရုံး ကျင်းပခဲ့ပြီး တရားရုံးဝန်ထမ်းတွေ၊ အစောင့်တွေကို ကိတ်မုန့်ကျွေးခဲ့ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီရဲ့ လေအေးစက်ပေးမှုကို ငြင်းဆန်ခဲ့ကြောင်း၊ အဘယ် ကြောင့်ဆိုသော် အခြားအကျဉ်းသားတွေကို လေအေးစက်မပေးသောကြောင့်ဖြစ်ကြောင့် ဒေါ်အောင် ဆန်းစုကြည်ရဲ့ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ သြစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာ နဲလ်က ပြောပါတယ်။

“စစ်ကောင်စီက ထင်ရှားကျော်ကြားတဲ့ အကျဉ်းသားတွေရဲ့ဒုက္ခကို အရေးမစိုက်ပေမယ့် ကျွန် တော်တို့ကို သေစေချင်ပါတယ်။ ဒါဟာ သူတို့ကစားနေတဲ့ အလွန်အန္တရာယ်များတဲ့ ကစားပွဲတစ်ခု ဖြစ်ပါ တယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

နှစ်နှစ်ကျော် အကျဉ်းချခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို နောက်ဆုံးအကြိမ် မြင်တွေ့ရ ချိန်မှာ ကိုယ်အလေးချိန် ကျသွားခဲ့ပေမယ့် စိတ်ဓာတ်က မပြောင်းလဲဘူးလို့ ရှောင်တာနဲလ်က ဆိုပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဉီးဝင်းမြင့်ကို အပူချိန်မြင့်မားမှုကြောင့် အခြားတစ်နေရာသို့ ရွှေ့ ပြောင်းခဲ့တယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ၂၀၂၄ ခုနှစ် သြဂုတ်လမှာ ပြောကြားခဲ့ပေမယ့် စစ် ဘက်စခန်းတစ်ခုသို့ ရွှေ့ပြောင်းတာလို့ သတင်းရင်းမြစ်တစ်ခုက ယူဆပါတယ်။

စစ်ကောင်စီရဲ့ဗျူဟာ
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ကျန်ရှိတဲ့ဘဝတစ်လျှောက်လုံး အကျဉ်းချမယ့်ပုံပေါ် တယ်လို့ ရှောင်တာနဲလ်က ပြောပြီး ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်တွင်း သေဆုံးပါက အကျိုး ဆက်တွေရှိလာမယ်လို့ သတိပေးခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ မယုံကြည်နိုင်လောက်တဲ့ အမျက်ဒေါသ ရှိလာပါလိမ့်မယ်။ ဒေါ် အောင်ဆန်းစုကြည်သာ ထောင်တွင်း သေဆုံးရင် ဘက်မလိုက်ပြည်သူတွေကို တော်လှန်ရေးထဲ တွန်းပို့မှု ဖြစ်ပါလိမ့်မယ်” လို့ ၎င်းက ပြောပါတယ်။

စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ကြောက်ရွံ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် သူက စစ် တပ်ရဲ့ အမှားတွေကို ဖော်ထုတ်ပြီး တော်လှန်ရေးအတွက် အင်အားဖြစ်သွားမှာကို စစ်တပ်ကသိတယ်လို့ ၂၀၂၂ ခုနှစ်မှာ စစ်တပ်ရဲ့ ကွက်မျက်ခံခဲ့ရတဲ့ ကိုဂျင်မီရဲ့ဇနီးသည် ဒေါ်နီလာသိန်းက ပြောပါတယ်။
တော်လှန်ရေးလှုပ်ရှားမှုဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုအပေါ် အားမထားဘူးလို့ ၎င်းက ဆက်ပြောပါတယ်။

“ဒါဟာ ပြည်သူတွေရဲ့ တော်လှန်ရေးတစ်ခု ဖြစ်ပါတယ်။ ဒီတော်လှန်ရေးကို ရှေ့ဆက်သွားမှာ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

The Guardian မှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် Tin Htet Pain g နဲ့ Lorcan Lovett ရဲ့ Leaked footage and prison logs reveal Aung San Suu Kyi’s life in detention ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။

#Ayeyarwaddy_Times