
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ဇွန် ၁၉ ရက်
တနင်္သာရီ တိုင်း ၊ရေဖြူမြို့နယ် ၊ ကံပေါက်တိုက်နယ် ၊အုန်းပင်ကွင်းကျေးရွာအုပ်စု ၊ပယကျေးရွာရှိ ဒေသခံ နေ အိမ် ၃၀ ကျော်ကို စစ်ကောင်စီတပ်က ၇ ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်းထားပြီး မပြောင်းရွှေ့တဲ့နေအိမ်တွေကို ပစ်ခတ်မည်ဟု မောရဝတီရေတပ်က ပြောဆိုထားကြောင်း ဒေသခံများထံမှ သိရသည်။
ပယရွာလယ်ရှိ ရွှေမိုးညိုဘုရားအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဇွန်လ ၁၅ ရက် နံနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မောရဝတီရေတပ်က ဒေသခံတွေရဲ့နေအိမ်တွေကို ဇွန်လ ၁၆ ရက်နေ့မှစ၍ ၇ ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်းထား ကြောင်းသိရသည်။
မောရဝတီရေတပ်၏ ဖိအားပေးပြောင်းရွှေခြင်းခံရသည့် နေအိမ်များမှာ ပယရွာ ကျွဲစားပြင် အနီးတွင်ရှိသည့် နေအိမ်များဖြစ်ပြီး ကျွဲစားပြင်သည် ပယရွာနှင့် ဇာဒီရွာအစပ် တောင်အရပ်တွင် တည်ရှိသည်။
“မောရဝတီ ရေတပ်က ၇ ရက်အတွင်းပြောင်းခိုင်းထားတယ်။ သူတို့ (စစ်ကောင်စီ) တပ်က သတ်မှတ်ထားတဲ့ ရက်အတွင်း မပြောင်းလျှင် မာရှယ်လော အမိန့်ပါပေးထားတယ်။ကျွဲစားပြင် မှာက အိမ်ခြေ သုံးဆယ်ကျော်ရှိတယ်။ အခုလိုမျိုးချက်ချင်းကြီးပြောင်းခိုင်းတော့လည်း ကျွန်တော်တို့မှာ အခက်အခဲတော့ရှိတာပေါ့ဗျာ။ မိုးတွင်း ကြီးလည်းဖြစ်နေတယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် လူ့အသက်ထက် အရေးကြီးတာဘာမှမရှိဘူးလေ။ ပြောင်းပေးရမှာပဲ” ဟု ပယရွာ ကဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပယရွာ တွင် ဇွန်လ ၁၅ ရက်က တိုက်ပွဲဖြစ်ပွားပြီးနောက် ကျွဲစားပြင် အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အရင်ကထက် ကင်းပုန်းဝပ်တာတွေပိုများလာကြောင်း ဒေသခံများထံမှသိရသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇွန် ၁၇ ရက် မွန်းလွဲပိုင်းတွင် ပယရွာမှ ကားခြောက်စီးဖြင့် ဇာဒီရွာဘက်သို့ ထွက်ခွာလာပြီး ရှားကုန်းနှင့် ခွေးမဖောရွာ လမ်းတွင်တွေ့ရှိသည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်ထိုးကြိတ်ကာ ညနေပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။
“သူတို့ (စစ်ကောင်စီတပ်) ဖွဲ့ဝင်တွေက ကား ခြောက်စီးနဲ့ ပယရွာ ကနေပြီး ဇာဒီ ရွာဘက်ကိုဆင်းတာပေါ့။ အဲဒီအချိန်မှာ ရှားကုန်း နဲ့ ခွေးမဖောရွာက လမ်းမှာသွားနေတဲ့ ဒေသခံတွေကို အားလုံးဖမ်းတယ်။ အဖမ်းခံရတဲ့ သူတွေ ၃၀ ကျော်လောက်ရှိတယ်ဗျ။ ဖမ်းပြီးတာ နဲ့ ဟိုမေး ဒီမေး နဲ့ ရိုက်နှက် ထိုးကြိတ် တယ်။ ခေါင်းမှာတောင် ဘုတွေ ထတယ်။ ညနေဘက်မှ ပြန်လွှတ်ပေးခဲ့တယ်” ဟု ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသည့် ရှားကုန်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကံပေါက်တိုက်နယ် တစ်ခုလုံးတွင် ပယရွာသည် စစ်ကောင်စီတပ်ဂိတ်စခန်း ခုနစ်ခု ခန့်ရှိပြီး အင်အားရာချီဖြင့် တပ်စွဲထားသော ကျေးရွာတစ်ရွာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
#ရေဖြူ #ပယရွာ #ဒေသခံနေအိမ်၃၀ #တစ်ပတ်အတွင်း #ပြောင်းရွှေ့ #ပစ်ခတ်မည် #စစ်ကောင်စီပြော #Ayeyarwaddy_Times