
ဧရာ၀တီတိုင်းမ်
ဇွန် ၁၉ ရက်
စစ်တပ်ကအာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ကစတင်ကာ မတရားဖမ်းဆီးထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်ပေးရန် အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံတို့က စစ်ကောင်စီကို ယနေ့ တောင်းဆိုခဲ့ကြောင်း သိရသည်။
ယနေ့ကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက မွေးနေ့ဂုဏ်ပြုကြောင်း ထုတ်ပြန်ခဲ့ပြီး မတရားဖမ်းဆီးထားမှုမှ ပြန်လွှတ်ပေးရန် စစ်ကောင်စီကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
“ယနေ့အခါသမယတွင် သူနှင့်အတူ အခြားသော မတရားဖမ်းဆီးထိန်းသိမ်းထားသူများကို လွှတ်ပေးရန်၊ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် အကြပ်အတည်းကို အဆုံးသတ်ရန် သက်ဆိုင်သူအားလုံးနှင့် အပြန်အလှန်ထိတွေ့ဆက်ဆံရန် စစ်အာဏာရှင်အဖွဲ့အစည်းကို မိမိတို့ ဆက်လက် တောင်းဆိုပါသည်”ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့ပြင် ဗြိတိန်သံရုံးကလည်း ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ကို ဂုဏ်ပြုသည့်ပုံကို ၄င်းတို့ သံရုံး၏တရား၀င် Facebook စာမျက်နှာ၏ ပရိုဖိုင်ဓာတ်ပုံအဖြစ် ပြောင်းလဲလွှင့်တင်ခဲ့သည်။
“ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ယနေ့ မိမိတို့ profile picture ကို ပြောင်းလဲထားခြင်းဖြစ်ပါတယ်။ ယူကေအစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မြန်မာနိုင်ငံအတွင်း မတရားဖမ်းဆီးခံထားရသူများ အားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ရေးသား ဖော်ပြထားသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ကို မြန်မာပြည်သူများနှင့်အတူ နိုင်ငံပေါင်း ၂၇ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် ဥရောပသမဂ္ဂ၊ ကမ္ဘာ့စက်မှုထိပ်သီး G-7 အဖွဲ့၀င် ဂျာမနီနှင့် ပြင်သစ်နိုင်ငံဆိုင်ရာသံရုံးများကလည်း အသီးသီးဂုဏ်ပြုခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – US and UK Embassy
#Ayeyarwaddy_Times #GSCB #USA #UK #DawAungSanSuKyi #80Birthday