(ကလေး)၊ဧရာဝတီတိုင်းမ်
ဇွန်လ ၁၈ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီတပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက် ပေါက်ကွဲ၍ လူနေအိမ်အချို့ ထိခိုက်ပျက်စီးသွားကြောင့် ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ ဇွန်လ ၁၈ ရက်နေ့၊ မနက် ၁ နာရီဝန်းကျင်တွင် ကလေးမြို့ပေါ်ကို လက်နက်ကြီးကျည်နှစ်လုံး ပစ်ခတ်ခဲ့၍ တာဟန်းရပ်ကွက်နှင့် မွန်းလိုင်ရပ်ကွက် တို့တွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

“ကလေးမြို့မှာတော့ တိုက်ပွဲမရှိဘူး။ ဒီမနက် လက်နက်ကြီးတွေ ဘယ်ကို ပစ်တာလဲမသိဘူး။ တာဟန်းမှာတစ်လုံး ကျတယ်။ နေအိမ်တစ်လုံး လုံးဝ ပျက်စီးသွားတယ်။တခြားအိမ်တွေလည်း ပျက်စီးတယ်။ မွန်းလိုင်မှာလည်း တစ်လုံးကျတယ်။ မပေါက်ကွဲဘူး။”ဟု ကလေးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ပျက်စီးသွားသည့် တာဟန်းရပ်ကွက်မှ နေအိမ်တွင် အိမ်ပိုင်ရှင်များ နေထိုင်ခြင်း မရှိတော့သည့်အတွက် လူထိခိုက်၊ သေဆုံးမှုမရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ကလေးမြို့တွင် ယခုရက်ပိုင်းတွင်း အိမ်စီးကား၊ ဆိုင်ကယ်တို့ဖြင့် ကင်းလှည့် လည်ပြီး နေ့အချိန်တွင်ပင် လမ်းသွားလမ်းလာ လူငယ်များကို ဖမ်းဆီး၍ စစ်သင်တန်းသို့ ပို့ဆောင်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

“ဒီရက်ပိုင်း ကလေးမြို့မှာ လူငယ်တွေ ဖမ်းဆီးမှုတွေ ပြန်လုပ်လာပါတယ်။ အရင်ကလို ညဘက်တွေ ဖမ်းဆီးတာမျိုး မဟုတ်ဘဲ နေ့ခင်းကြောင်တောင် ဖမ်းဆီးတာပါ။ အဲဒီလို ဖမ်းဆီးတဲ့လူငယ်တွေ စစ်ကောင်စီက စစ်သင်တန်းသို့ တိုက်ရိုက်ပို့ဆောင်နေတယ်လို့ ကြားတယ်။ တာဟန်းနဲ့ မွန်းလိုင်မှာ လူငယ် ဖမ်းဆီးမှု အခြေအနေပိုဆိုးနေပါတယ်” ဟု ကလေးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ကလေးတက္ကသိုလ်ရှေ့ ၈မိုင် စစ်ဆေးရေးဂိတ်နှင့် ခိုင်ကမ်း ၉ မိုင်စစ်ဆေးရေးဂိတ်တွင်လည်း ညနေပိုင်း ဖြတ်သန်းသွားလာကြသည့် လူငယ်များကို ဖမ်းဆီးမှုရှိလာသည့်အတွက် လူငယ်များ အနေဖြင့် အိမ်ပြင်ပသို့ သွားလာရဲခြင်းမရှိကြောင်း သိရသည်။

ဓာတ်ပုံ-ပေးပို့
ပုံစာ- စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် ပျက်စီးသွားသည့် ကလေးမြို့၊ တာဟန်းရပ်ကွက်ရှိ နေအိမ်များကို တွေ့ရစဥ်
#ကလေးမြို့ #စစ်ကောင်စီ #လက်နက်ကြီးပစ်ခတ် #လူနေအိမ်အချို့ပျက်စီး #လူငယ်များ #နေ့အချိန်ဖမ်းဆီး #Ayeyarwaddy_Times