ဧရာဝတီတိုင်းမ်
(ပေါင်းတည်)၊ ဇွန် ၁၈ ရက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ရုပ်ဆိုင်ကျေးရွာမှ ဒေသခံအရပ်သား ၁၉ ဦးကို လူသားဒိုင်း အနေဖြင့် ဖမ်းဆီးကာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ‌ပြီးခဲ့သည့် ဇွန် ၁၆ ရက်နေ့တွင် ဗျူဟာအမှတ်(၂၁) လက်အောက်ခံ ၃၆၀၁ တပ်ရင်း၏ စနိုက်ပါအဖွဲ့နှင့် တပ်ရင်း စစ်ကြောင်းမှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ရုပ်ဆိုင်ကျေးရွာမှ စစ်ကြောင်းတစ်ကြောင်းလျှင် အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းနှစ်ခုခွဲထွက်လာပြီးနောက် သစ်ပုတ်ကျေးရွာအုပ်စုသို့ ရောက်ရှိလာသည့် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် လေး ဦးသေဆုံးပြီး သုံး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်စဉ်က ဒီကောင်တွေက ရုပ်ဆိုင်ရွာကနေပြီးထွက်လာတယ် စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ထွက်လာတာ။ ရုပ်ဆိုင်ရွာမှာရှိတုန်းကတော့ အင်အား၂၀၀ လောက်ကို စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ရုပ်ဆိုင်ရွာကတစ်ဆင့် ဒီဘက်ကို လက်ရှိသစ်ပုပ်ပိုင်နက်ကို ရောက်ရှိလာတာ။ ကျန်တဲ့တစ်ကြောင်းက ပေါက်ခေါင်းမြို့နယ်အပိုင်ဘက်ကို ထွက်သွားတယ်” ဟု ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေး နှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော် ရှဲဒိုး က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် ၎င်းတို့ဘက်မှတပ်ဖွဲ့ဝင် အလောင်းများက်ို သစ်ပုပ်ကျေးရွာအုပ်စုရှိ နွားသိုးရွာနှင့် နွေးတောင်ရွာရှိ နေအိမ်များပေါ်တင်ကာ ဒေသခံနေအိမ် ကိုးလုံးနှင့်အတူ မီးရှို့ခဲ့ပြီး လက်ရှိတွင် ပေါက်ခေါင်းမြို့ဘက်သို့ ဆက်လက်ထွက်ခွာ သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဇွန် ၁၄ ရက်နေ့က ရုပ်ဆိုင်ကျေးရွာကို မီးရှို့ဖျက်ဆီး၍ ဒေသခံ ၁၉ ဦးကို လူသားဒိုင်းအနေဖြင့် ဖမ်းဆီးလာခြင်းဖြစ်ပြီး ယမန်နေ့ ဇွန် ၁၇ ရက်နေ့ညတွင်မူ ဖမ်းဆီးလာသူများကို ပြန်လည်လွှတ်ပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်တွင် ပြီးခဲ့သည့်ဇွန် ၃ ရက်နေ့ကလည်း ပေါက်ခေါင်းမြို့နယ်အတွင်း လှည့်လည် မီးရှို့နေသည့် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခဲ့ရပြီး တပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးကာ မူးယစ်ဆေးဝါးများနှင့်အတူ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၆၀၁ တပ်ရင်းထံမှ သ်ရသည်။

ဓာတ်ပုံ – ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

#ပေါင်းတည် #စစ်ကောင်စီ #စစ်ကြောင်းထိုး #လူသားဒိုင်း #ဒေသခံ #ဖမ်းဆီး #ပေါက်ခေါင်း #တိုက်ပွဲ #Ayeyarwaddy_Times