ဧရာဝတီတိုင်းမ်
ဇွန် ၁၇ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ ရန်ကုန် -ပြည်ကားလမ်းပေါ်တွင် စစ်ကောင်စီစခန်းကို တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မင်းလှနှင့် စစ်ကွင်းအထွက် ရန်ကုန်-ပြည် ကားလမ်းပေါ်ရှိ စစ်ကောင်စီစခန်းတွင် ယမန်နေ့ ဇွန် ၁၆ ရက် ညနေ ၄ နာရီအချိန်ခန့်တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

“စစ်ကွင်းအထွက် ဆီဆိုင်အနီးမှာဖြစ်ကြတယ်။ G1 , G-2 အရာရှိတွေပါ သေတယ်။ အရေးပေါ်ဆေးရုံ ပို့ရတဲ့ စစ်သားတွေလည်း အခြေအနေမကောင်းဘူး။ အရပ်သား အိမ်စီးကားထိမှန်သွားတာလည်း မှန်ပါတယ်။ တိုက်ပွဲဖြစ်နေလို့ မသွားဖို့ တားပါသေးတယ်။ အဲဒီကြားထဲက တက်သွားလို့ RPG ထိသွားတာပါ”ဟု Pyay Underground News PUGN တွင် ဖော်ပြထားသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သေဆုံးမှုများပြားပြီး သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးကောင်စီမှ ဗိုလ်မှူး ဇော်မျိုးဝင်းနှင့် အုတ်ဖိုမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတို့ သေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဖော်ပြထားသည်။

စစ်ကောင်စီဘက်က သေဆုံးမှုများပြားသည့်အပြင် ဒဏ်ရာရလူနာများလည်း အများအပြားရှိသည့် အတွက် ရွှေတောင်မြို့ ကုတင် ၁၀၀ စစ်ဆေးရုံသို့ အရေးပေါ်ပို့ဆောင် ဆေးကုသပေးနေရကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ဇွန် ၁၆ ရက် ည ၁၁ နာရီအထိ စစ်ကောင်စီဘက်က လက်နက်ကြီးထိမှန်သည့် စစ်ကောင်စီတပ်ဖွဲ့ ဝင် တစ်ဒါဇင်ကျော်ကို ရွှေတောင်မြို့သို့ အရေးပေါ်ပို့ ‌ဆောင်ခဲ့ရပြီး တိုက်ပွဲအတွင်း ခရီးသွားကားတစ်စီး RPG ထိမှန်၍ အမျိုးသမီးသုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-အင်တာနက်
ပုံစာ-ပြည်-ရန်ကုန် လမ်းပိုင်း တစ်နေရာကို တွေ့ရစဉ်။(ပုံဟောင်း)

#ပဲခူး #သာယာဝတီခရိုင် #မင်းလှ #ရန်ကုန်-ပြည် #ကားလမ်း #စစ်ကောင်စီ #စခန်း #တိုက်ခိုက်ခံရ #ဗိုလ်မှူးအဆင့် #သေဆုံး #Ayeyarwaddy_Times