ဧရာဝတီတိုင်းမ်
(မွန်)၊ ဇွန် ၁၇ ရက်

မွန်ပြည်နယ်အတွင်း ဖယ်ဒရယ် ဖော်ဆောင်ရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တတိယအကြိမ်မြောက် မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC) ညီလာခံကို ပြီးခဲ့သည့် ဇွန် ၁၄၊ ၁၅ ရက်နေ့ နှစ် ရက်တာ ကျင်းပခဲ့ကြောင်းသိရသည်။

ညီလာခံတွင် မွန်ပြည်နယ် ၁၀ မြို့နယ်ကို အခြေခံကာ ရည်ရွယ်ချက်တူသည့် တော်လှန်ရေး အင်အားစုများစုစည်းပြီး မွန်ပြည်ဖက်ဒရယ်ယူနစ်တစ်ရပ် ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ တော်လှန်ရေးကာလ မွန်ပြည်ချာတာတစ်ရပ်ရေးဆွဲသွားရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

မွန်ပြည်ချာတာ ရေးဆွဲရာတွင် ပထမအင်အားစု‌အနေဖြင့် မွန်ပြည်သစ်ပါတီ-AD အပါအဝင် ERO အဖွဲ့အစည်းများ၊ မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ(MSCC)၊ CDM များဖြင့်ဖွဲ့စည်းထားသည့် ကော်မတီများ၊ မွန်ဒေသတွင်းရှိ အဖွဲ့အစည်းများ၊ လက်နက်ကိုင်တပ်ဖွဲ့များဖြင့် တွေ့ဆုံ ဆွေးနွေးကာ ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

“မွန်ပြည်ချာတာ ရေးဆွဲတဲ့အခါမှာ ဘယ်အင်အားစုတွေနဲ့ ပူးပေါင်းမလဲပေါ့နော် ကျွန်တော်တို့ ပူးပေါင်းရမယ့်အင်အားစုတွေက စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား တိုက်ခိုက် နေတဲ့ အင်အားစုနဲ့ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ တက်နိုင်သလောက် ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဆွေးနွေးနိုင်ဖို့ စဉ်းစားထားတာရှိပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို ကောင်စီထဲ ပြန်ထိုင်ပြီးတော့မှ ဘယ်လိုဆက်စပ်ဆောင်ရွက်မလဲ၊ ဖိတ်ခေါ်သွားမလဲ၊ ဆွေးနွေးမှုပုံစံနဲ့ ဆွေးနွေးပြီး အားလုံးရဲ့သဘောတူညီချက်နဲ့ ကြိုးစားသွားဖို့ရှိပါတယ်” ဟု MSFC ကောင်စီဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် လာမည့် ၂၀၂၅ ခုနှစ်တွင် ပြုလုပ်မည့် စစ်ကောင်စီ၏ရွေးကောက်ပွဲကို ဆန့်ကျင်ရာတွင် ပြည်သူလူထုတစ်ရပ်လုံးပါဝင်လာ စေရေးမဟာဗျူဟာ ရေးဆွဲအကောင်ထည် ဖော်မည့်အစီအစဉ်ကို လည်း ညီလာခံတွင်ထည့်သွင်း ဆွေးနွေးခဲ့ ကြောင်းသိရသည်။

အမျိုးသမီးနှင့် ကလေးငယ်များနှင့် ပတ်သက်၍လည်း မွန်ပြည်နယ်နှင့် ဆက်စပ်ဒေသများရှိ စစ်ကောင်စီ ကြောင့်အခက်အခဲဖြစ်သူများကို ကူညီရန် ခရိုင်အဆင့်ပြည်သူ့လုံခြုံရေးနှင့် ဝန်ဆောင်မှု ကော်မတီများဖွဲ့စည်းသွားရန် ရှိကြောင်း သိရသည်။

အဆိုပါ ညီလာခံတွင် မွန်ပြည်ဖက်ဒရယ်ကောင်စီ အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ဖက်ဒရယ်ယူနစ်များ၊ အခြားဒီမိုကရေစီအင်အားစုများနှင့် ပူးပေါင်းကာ Bottom Up Federalism စနစ်ကို အကောင်အထည်ဖော်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့သည်။

တတိယအကြိမ်မြောက် မွန်ပြည်ဖက်ဒရယ်ကောင်စီညီလာခံကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ(NUCC) ၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) နှင့် နွေဦးတော်လှန်ရေးအင်အားစုများအပါအဝင် စုစုပေါင်းတက်ရောက်သူ ၂၀၀ ကျော်ရှိခဲ့ကြောင်းလည်း MSFC ထံမှ သိရသည်။

ဓာတ်ပုံ – MSFC
#မွန်ပြည်ဖက်ဒရယ်ကောင်စီ #MSFC #ညီလာခံ #မွန်ပြည်ချာတာ #ရေးဆွဲ #ရွေးကောက်ပွဲ #Ayeyarwaddy_Times