ဧရာဝတီတိုင်းမ်
ဇွန် ၁၇ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်း တပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများ စစ်ဘေးရှောင် ထွက်ပြေးနေရကြောင်း သိရသည်။

ဖားကန့်မြို့နယ်၊ မှော်စီစာဘုရားကုန်းတွင် အခြေပြုတပ်စွဲနေသည့်စစ်ကောင်စီတပ်ကို ယနေ့ ဇွန် ၁၇ ရက်တွင် KIA က ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

“မှော်ဝမ်းလေးမှာ မနေ့ ညနေကတည်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်နေတာ။ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတာကို KIA က ဝင်တိုက်တာလို့ပြောတယ်။ မှော်စီစာဘက်က တိုက်ပွဲမှာ စစ်ကောင်စီအရာရှိတချို့ပါ သေတယ်ကြားတယ်”ဟု ထားကန့်ဒေသခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ယမန်နေ့ ဇွန် ၁၆ ရက်နေ့က မှော်ဝမ်းလေးရွာဘက်တွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ရာ ယနေ့ နံနက်အထိ ထိတွေ့တိုက်ပွဲဆက်လက်ဖြစ်ပွားဆဲဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်တွင် ဒေသခံပြည်သူများကို နှိပ်စက် သတ်ဖြတ်၍ အလောင်းများကို လမ်းပေါ်တွင် စွန့်ပစ်ထားခြင်းများ ပြုလုပ်လျက်ရှိပြီး မှော်ဝမ်းလေးနှင့် မှော်ဝမ်းကြီးကျေးရွာမှ ဒေသခံများသည် စစ်ရှောင်ရန်ထွက်ပြေးနေရကာ မှော်ဝမ်းလေးကျေးရွာတွင် ပြည်သူအချို့ ပိတ်မိ ကျန်ရစ်နေကြောင်း သိရသည်။

ဖားကန့်ကို ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့က ရောက်ရှိလာသည့် ကာမိုင်းဘက်မှတက်လာသည့် စစ်ကြောင်းသည် လုံးခင်းရွာမှ စစ်ကြောင်းများနှင့်ပူးပေါင်းကာ မှော်စီစာတွင် တချို့မှာတပ်စွဲနေရစ်ခဲ့ပြီး ကျန်စစ်ကြောင်းမှာ ဖားကန့်ဗျူဟာကုန်းသို့ တက်သွားကြောင်း သိရသည်။

မှော်စီစာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မေလ ၃၁ ရက်နေ့မှစတင်ပြီး ကျောက်စိမ်းလုပ်ကွက်များ အတွင်းဝင်ရောက်ကာ စက်ယန္တယားများကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

ပုံစာ-KIA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)

#ကချင် #ဖားကန့် #တိုက်ပွဲပြင်းထန် #ဒေသခံစစ်ဘေးရှောင် #ထွက်ပြေး #Ayeyarwaddy_Times