
(မလေးရှား)၊ဧရာဝတီတိုင်းမ်
ဇွန် ၁၇ ရက်
မြန်မာနိုင်ငံသား ၃၂၀ ဦးအပါအဝင် နိုင်ငံခြားသား ၁,၇၀၁ ဦးကို မလေးရှားအစိုးရက ပြည်နှင်ဒဏ်ပေးကြောင်း ယမန်နေ့ ဇွန်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ကွာလာလမ်ပူမြို့ရှိ လူဝင်မူကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းမှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သည့် နိုင်ငံခြားများကို ယခုကဲ့သို့ ပြည်နှင်ဒဏ်ပေးခဲ့ခြင်းဖြစ်သည်။
“ကွာလမ်ပူမြို့မှာ ဖမ်းဆီးထောင်ချခံရတဲ့ နိုင်ငံခြားသားတွေ ပြည်နှင်ဒဏ်ပေးတဲ့စာရင်းပါ။ မလေးရှားနိုင်တစ်ခုလုံး စာရင်းမဟုတ်ဘူး” ဟု မြန်မာဒုက္ခသည်များကို ကူညီဆောင်ပေးသူ ဦးအိုက်လွင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုပြည်နှင်ဒဏ်ပေးခံရသည့် နိုင်ငံခြားသားများသည် လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် ကွာလာလမ်ပူမြို့တွင် ဖမ်းဆီးထောင်ချခံရပြီး အကျဥ်းထောင်မှ လွတ်မြောက်လာသူများဖြစ်သည်။
“သူတို့က အဖမ်းဆီးခံရပြီး လဝက ဥပဒေနဲ့ ပြစ်ဒဏ်ကျခံရတယ်။ ပြစ်ဒဏ်ကျခံပြီး အကျဥ်းထောင်မှ လွတ်မြောက်လာပြီး ကိုယ့်နိုင်ငံသီးသီးကို ပြန်အပို့ခံရသူတွေပါ” ဟု မြန်မာဒုက္ခသည်များကို ကူညီဆောင်ရွက်ပေးသူ ဦးအိုက်လွင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြည်နှင်ဒဏ်ပေးခံရသည့်နိုင်ငံခြားသားများတွင် မြန်မာ ၃၂၀ ဦး၊ အင်ဒိုနီးရှား ၆၆၁ ဦး၊ ဘင်္ဂလားဒေ့ရှ် ၃၀၉ ဦး၊ ထိုင်း ၁၂၀ ဦး နှင့် အိန္ဒိယ ၁၀၃ ဦးတို့ဖြစ်သည်။
မလေးရှားနိုင်ငံတွင် မြန်မာဒုက္ခသည်များအပါအဝင် တရားမဝင်နေထိုင်သည့် နိုင်ငံခြားသားများကို မလေးရှား အာဏာပိုင်အဖွဲ့စည်းများမှ ဖမ်းဆီးထောင်ချပြီး နေရပ်ပြန်လည်ပို့ဆောင်ခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။
ထို့ကြောင့် မလေးရှားနိုင်ငံတွင် ရောက်ရှိလာကြသည့် မြန်မာဒုက္ခသည်များကို နေရပ်ပြန်လည်ပို့ဆောင်ခြင်း မပြုလုပ်ရန် ချင်းဒုက္ခသည်မဟာမိတ်အဖွဲ့ ACR ဥက္ကဌ James Bawi Thawng Bik က တောင်းဆိုထားသည်။
ကွာလာလမ်ပူမြို့တွင် ယမန်နေ့ ဇွန်လ ၁၆ ရက်နေ့တွင် ပြုလုပ်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့နှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် James Bawi Thawng Bik က မြန်မာဒုက္ခသည်အရေးကို ယခုလို တောင်းဆိုထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံကိုရောက်လာရှိလာသည့် ဒုက္ခသည်များသည် နိုင်ငံသားခံယူလိုခြင်းမဟုတ်ဘဲ အသိအမှတ်ပြုမှုနှင့်အကာအကွယ်ရရှိရန်ဖြစ်ပြီး ၎င်းတို့ကို နေရပ်ပြန်လည်ပို့ဆောင်ခြင်းမပြုလုပ်ရန် မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်။
မြန်မာဒုက္ခသည်များကို မလေးရှားအနေဖြင့် နေရပ်ပြန်လည်ပို့ဆောင်ခြင်းသည် အသက်အန္တရာယ်သို့ တွန်းပို့ခြင်းဖြစ်ကြောင်း မလေးရှားအခြေစိုက် ရိုဟင်ဂျာအဖွဲ့အစည်းခေါင်းဆောင် Rafik Ismail ကလည်း ဆက်လက် ပြောကြားခဲ့သည်။
ပုံစာ- မလေးရှားတွင် ဖမ်းဆီးထောင်ချခံရပြီး နေရပ်ပြန်လည်ပို့ဆောင်ခြင်းခံရသည့် နိုင်ငံခြားသားများကို တွေ့ရစဥ်။
#မလေးရှား #မြန်မာနိုင်ငံသား၃၂၀ဦး #နိုင်ငံခြားသား ၁,၇၀၁ ဦး #ပြည်နှင်ဒဏ်ပေး #Ayeyarwaddy_Times