
ဧရာဝတီတိုင်းမ်
ဇွန် ၁၇ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ မြောက်စမ်းရွာ အမြောက်တပ် ၃၄၄ တွင် တိုက်ပွဲပြင်း ထန်နေပြီး အင်အားလိုအပ်ချက်ကြောင့် စစ်ကောင်စီက ရပ်ကွက်နှင့်ကျေးရွာလုံခြုံရေး ပြည်သူ့စစ်များကိုပါ ရှေ့တန်းပို့ဆောင်နေကြောင်း သိရသည်။
ရက်တို စစ်သင်တန်းပေးပြီး သင်တန်းဆင်းထားသည့် ရပ်ကျေး လုံခြုံရေး ပြည်သူ့စစ်များကို အမတ ၃၄၄ တိုက်ပွဲသို့ ပို့ဆောင်ထားသည့်အတွက် သေဆုံးမှုများပြားနေပြီး ရေကြည်မြို့ပေါ်သို့ အလောင်းများပြန်လည်သယ်ယူ လာကြောင်း ဒေသခံများထံမှ သိရသည်။
“သေတာက စစ်မှုထမ်းဥပဒေကြောင့် မဲပေါက်တဲ့ စစ်သားမဟုတ်ဘူး။ ပြည်သူ့စစ်။ ရွာလုံ ခြုံရေးဆိုပြီးခေါ်သွားတာ။ သင်တန်း ၇ ရက်ပဲတက်ခဲ့ရတယ်။ လာသင်္ဂြိုဟ်တော့ ၃၄၄ နဲ့ဝေးတဲ့ မြို့ပေါ်ကလူတွေ သေရင်သင်္ဂြိုဟ်တဲ့နေရာမှာ လာသင်္ဂြိုဟ်သွားတယ်” ဟုရေကြည်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဇွန် ၁၅ ရက်နေ့က အမတ ၃၄၄ တိုက်ပွဲတွင် ပြည်သူ့စစ်ရက်တို ၇ ရက်သင်တန်းပေးပြီး ပို့ ဆောင်ခံထားရသည့် ရေကြည်မြို့နယ် ရုံးတုံးကျေးရွာ အုပ်စုမှ ပြည်သူ့စစ် ကိုကျော်မြင့်၏ ခေါင်းကို ဒရုန်းဗုံးထိမှန်၍ သေဆုံးသွားကြောင်း သိရသည်။
စစ်ကောင်စီက ပြညသူစစ်ကိုကျော်မြင့်နှင့် အခြားအလောင်းများကို ကားသုံးစီးနှင့် သယ်ဆောင်လာပြီး တောင်လယ်သုဿာန်တွင် ယနေ့ ဇွန်လ နေ့လယ်ပိုင်းက သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ရက်တို ပြည်သူ့စစ်သင်တန်းပေးကာ ခေါ်ဆောင်ခံရသူများကိုလည်း ရေကြည်မြို့ အနီး သုဿာန်အထိသယ်ဆောင်ကာ အမိန့်ပြန်တမ်းများဖြင့် လာရောက် သင်္ဂြိုဟ်သွားခြင်းဖြစ်ကြောင်း သိရသည်။
“စစ်သားတွေကော အရာရှိတွေပါ ရုံးတုံးကျောင်းမှာ နာရေးပြီးတဲ့အထိနေသွားတယ်” ဟု ဒေသခံက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် ဇွန် ၁၁ ရက်နေ့ ညနေပိုင်းက အမတ ၃၄၄ တွင် စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ အထိနာပြီး ကျုံပျော်မြို့ထိ တပ်ဆုတ် ပြေးမှုများရှိခဲ့သည်။
စစ်ကောင်စီက အမတ ၃၄၄ မကျစေရန် ရေကြည်နှင့် ကျုံပျော် ခလရ ၃၆ တို့မှ ထုတ်နုတ် အင်အားများအပြင် ရက်တိုစစ်သင်တန်းပေး ပြည်သူ့စစ်များနှင့် စစ်မှုထမ်းသင်တန်းဆင်းများကို စစ်ကူပေးပို့ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
#အမတ၃၄၄ #ပြည်သူ့စစ် #ရှေ့တန်းပို့ #သေဆုံး #Ayeyarwaddy_Times