
မြောက်ဦးတွင် စစ်ကောင်စီတပ်၏လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၅ နှစ်ကလေးငယ် အပါအဝင် အရပ်သား ၂ ဦးသေဆုံး၊ ၈ ဦး ဒဏ်ရာရ
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၉ ရက်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် သြဂုတ်လ ၂၈ ရက်နေ့ ညနေ ၄ ရီခန့်က စစ်ကောင်စီတပ်များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၅ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီစစ်ကြောင်းမှာ ရက္ခိုင့်တပ်တော် AA ၏ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် မြောက်ဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ရင်းများမှ ကျေးရွာများသို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် မြောက်ဦးမြို့ အနောက်ဘက်ရှိ ကင်းဆိပ်ကျေးရွာမှ ဒေသခံများ သေကြေ ဒဏ်ရာရခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“မိုင်းပေါက်ကွဲသံ၊ လက်နက်သံတွေကြားတာ လက်ကာရွာဘက်က ကြားတာ။ မြို့ပေါ်စစ်တပ်က လက်နက်ကြီးက ကျနော်တို့ ရွာဘက်ကိုပစ်တယ်။ ၂ ဦးသေတယ်။ သေတာက ၅ နှစ်အရွယ် ကလေးတစ်ယောက်နဲ့ အသက် ၆၀ အရွယ် သက်ကြီးပိုင်းတစ်ယောက်ဖြစ်တယ်။ ၈ ဦး ဒဏ်ရာရတယ်။ မှိုင်းပေါက်ကွဲတဲ့နေရာက မြောက်ဦးမြို့ရဲ့ မြောက်ဘက်မှာ။
ကျနော်တို့ရွာက အနောက်ဘက်မှာ။ မိုင်းဆွဲ ခံရတဲ့နေရာနဲ့ မဆိုင်ဘူး။ သူတို့ (စစ်တပ်) က ရမ်းသန်းပြီးပစ်နေတာ”ဟု ကင်းဆိပ်ကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကင်းဆိပ်ကျေးရွာမှ ဒဏ်ရာရသူများကို မြောက်ဦးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ယင်းအထဲတွင် ဒဏ်ရာပြင်းဒဏ်သူများပါရှိနေသည်ဟု ဒေသခံများက ဆိုသည်။
“ဘေးနံကြားတွေမှာ လက်နက်ကြီးအစ ထိမှန်တဲ့သူတွေ ပါတယ်။ လက်တွေခြေတွေမှာ ထိမှန်တဲ့သူတွေ ပါတယ်။ ဒဏ်ရာပြင်းတဲ့သူတွေ ပါတယ်”ဟု ကင်းဆိပ်ကျေးရွာသားက ပြောသည်။
မြောက်ဦးမြို့ပေါ်ရှိ ဒေသခံအမျိုးသားတစ်ဦးကလည်း “ဒီနေ့က ၃၇၇ တပ်ရင်းကလည်း လက်နက်ကြီးပစ်တယ်။ ၅၄၀ တပ်ရင်းကလည်း ပစ်တယ်။ သူတို့က AA ကို ပစ်နေတာ မဟုတ်ဘူး။ ပြည်သူတွေကို ပစ်သတ်နေတာ။ ဒါမျိုး မဖြစ်သင့်ဘူး။ သူတို့ AA နဲ့ဖြစ်ရင် AA ကို သွားတိုက်လေ။ အခုက အပြစ်မဲ့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ သေဆုံး
ဒဏ်ရာရနေကြတယ်”ဟု ပြောသည်။
ရက္ခိုင့်တပ်တော် – AA နှင့် စစ်ကောင်စီတပ်များမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မောင်တောမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားနေသလို ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း၌လည်း ထိတွေ့တိုက်ပွဲများ မကြာခဏဆိုသလို ဖြစ်ပွားနေကြောင်း သိရသည်။
#မြောက်ဦး #လက်နက်ကြီး #AA #တိုက်ပွဲသတင်း