ဧရာဝတီတိုင်းမ်
ဇွန် ၁၇ ရက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ရေနံ့သာစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီက အင်အားအလုံး အရင်းဖြင့် ခံစစ်ပြင်ဆင်နေမှုများရှိကြောင်း သိရသည်။

စစ်ကောင်စီအင်အားအပြည့် စစ်ယာဉ်တန်း ၁၂ စီးသည် ပြီးခဲ့သည် ဇွန် ၁၅ ရက်နေ့ နံနက်ပိုင်းက အသုတ်မြို့ကိုဖြတ်၍ ငါးသိုင်းချောင်းမြို့အနီးထိ စစ်ယာဉ်တန်းများ ဝင်ရောက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

“အမြောက်တပ်ကျပြီး ဂွဘက်ကနေပါ AA တပ်ဖွဲ့တွေ ဝင်လာမှာဆိုးတဲ့အတွက် ရေနံ့သာ စစ်ဆေးရေးဂိတ်ကို အင်အားအလုံးအရင်းပို့ပြီး ခံစစ်ပြင်နေတယ်။ အမြောက်တပ်ထဲကိုလည်း လူအင်အားတွေ ထပ်ပို့နေတာရှိတယ်။ လေကြောင်းပစ်ကူလည်း တောက် လျှောက်ပေးနေတယ်”ဟု ဧရာဝတီတိုင်းမ်၏ သတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် ဇွန် ၁၂ ရက်နေ့ကလည်း ရေကြည် အမြောက်တပ် အမတ၃၄၄ မှနေ၍ လက်နက်ကြီးငယ်များ ကျုံပျော်သို့ အရေးပေါ်ရွှေ့ဆိုင်းပြီးနောက် ရေနံ့သာ စစ်ဆေးရေးဂိတ်တွင်ပါ ခံစစ်ပြုလုပ်လာခြင်း ဖြစ်သည်။

အမြောက်တပ် ၃၄၄ ကိုကာကွယ်ရန် ကျုံပျော်မှ စစ် ကူအင်အားများ ပို့ဆောင်နေပြီး လက်နက်ခဲယမ်း သယ်ယူပို့ဆောင်နေမှုလည်းရှိကြောင်း သိရသည်။

ငါးသိုင်းချောင်းနှင့် ရခိုင်-ဂွလမ်းပေါ်ရှိ အမြောက်တပ် ၃၄၄ တစ်ဝိုက် စစ်ကူလာသည့် စစ်ကြောင်းနှင့် တော် လှန်ရေးတပ်များ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး ရေနံ့သာဂိတ်ကိုပါ ယမန်နေ့က လုံခြုံရေးအင်အား တိုးမြှင့်လိုက်ကြောင်း သိရသည်။

စစ်ကောင်စီသည် အမြောက်တပ်အနီးတွင် လေကြောင်း၊ ဒရုန်းနှင့် စက်တပ်လေထီးများသုံး၍ ဗုံးကြဲတိုက်ခိုက်နေပြီး မြေပြင်စစ်ကူများပါ ပြန်လည်ပို့ဆောင်နေသည့်အတွက် တော်လှန်ရေးတပ် များ၏ ထိုးစစ်မှာ အဆုတ်အတက်ရှိနေကြောင်း သိရသည်။

ကျုံပျော်မြို့မှနေ၍ အမြောက်တပ် ၃၄၄ နှင့် ရေနံ့သာစစ် ဆေးရေးဂိတ်သို့ စစ်အင်အားဖြည့်ရန်အတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းတပ်သားသစ် စုဆောင်းရန် ပြင်ဆင်နေကြောင်း သိရသည်။

ထို့အပြင် ရက်တိုသင်တန်းပေး၍ စစ်သင်တန်းဆင်းထားသည့် ပြည်သူ့စစ်များနှင့် စစ်မှုထမ်းဥပ‌ဒေဖြင့် သင် တန်းဆင်းထားသည့် သင်တန်းသားသစ်များကိုပါ ရေနံ့သာဂိတ်သို့ ပို့ဆောင်နေမှုများရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီသည် ရေနံ့သာစစ်ဆေးရေးဂိတ်ဖြတ်သန်းခွင့်ကို အထူးကြပ်မတ်ထားပြီး အခြေခံ စားသောက်ကုန် သယ်ယူခွင့်ကိုပါ တင်းကျပ်ထားကာ စက်သုံးဆီသယ်ယူခွင့်ကို လုံးဝမပြုကြောင်း သိရသည်။

စစ်ကောင်စီနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ အ‌ခြေခံစားသောက်ကုန်သယ်ယူခွင့်ကို ၎င်းတို့ ထောက်ခံစာဖြင့်သာ သယ်ယူဖြတ်သန်းခွင့်ပြုပြီး စားသောက်ကုန်များ အာရက္ခတပ်တော် (AA) ထံရောက်ရှိသွားမည်ကို စိုးရိမ်ပြီး ဒေသခံများကို တားမြစ်ပိတ်ပင်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ပုံစာ – ရေနံ့သာစစ်ဆေးရေးဂိတ်လမ်းပိုင်း(ပုံဟောင်း)
#ဧရာဝတီတိုင်း #ရေကြည် #ရေနံ့သာစစ်ဆေးရေးဂိတ် #အလုံးအရင်းခံစစ်ပြင် #Ayeyarwaddy_Times