
ဧရာဝတီတိုင်းမ်
ဇွန် ၁၆ ရက်
မုတ်သုံလေအားကောင်းနေမှုအပါအဝင်အရှေ့ဘက်နှင့်အနောက်ဘက်မှ ရွေ့လျားလာသောလေပွေလှိုင်းများကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင် လာမည့်တစ်ပတ်အတွင်း မိုးကြီးမည်ဖြစ်ကာ ရုတ်တရက်ရေလွှမ်းမိုးမှုအန္တရာယ်ကိုသတိပြုရန်လိုအပ်ကြောင်းသိရသည်။
ယနေ့ ဇွန် ၁၆ မှ ဇွန် ၂၂ ရက်အထိ လာမည့်တစ်ပတ်အတွင်း တိုင်းနှင့်ပြည်နယ်များတွင် နေရာစိပ်စပ်မှ နေရာ အနှံ့အပြားမိုးထစ်ချုန်းရွာမည်ဖြစ်ပြီး နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယနေ့ ဇွန် ၁၆ ရက်ညပိုင်းတွင် ထုတ်ပြန်ထားသည်။
မုတ်သုံလေအလွန်အားကောင်းနေသဖြင့်မြစ်ချောင်းများဆည်နှင့် ရေလှောင်တမံများအနီးရှိ မြို့၊ ရွာများအနေဖြင့် ရေကြီးရေလျှံမှုအန္တရာယ်၊ ဆည်ရေလွှတ်ခြင်း၊ ဆည်ကျိုးခြင်းတို့ကြောင့် ရုတ်တရက်ရေလွှမ်းမိုးမှုအန္တရာယ်ကိုသတိပြုသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သါရီတိုင်း၊ ကချင်၊ ကရင်နီ(ကယား)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင်မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက် ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းအပါအဝင် လျှပ်တစ်ပြတ်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်၍ သတိပြုရှောင်ရှားရန်လိုအပ်ကြောင်း သိရသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများကျရောက်ပြီး လှိုင်း ကြီးနိုင်ကြောင်း၊ ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိတိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်ပေ ၁၀ ပေမှ ၁၂ ပေထိရှိနိုင်ကြောင်း စစ်ကောင်စီ၏ မိုး/ဇလ က အသိပေးထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#လာမည့်တစ်ပတ် #မိုးကြီးမည် #ရုတ်တရက်ရေလွှမ်းမိုး #သတိပြုရန်လို #ဆည်မြောင်း #တာတမံ #Ayeyarwaddy_Times