
(ရိဒ်)၊ဧရာဝတီတိုင်းမ်
ဇွန်လ ၁၆ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဟွာငိုးရမ်ဒေသ၊ ရိဒ်ခေါဒါရ်မြို့ကို အရေးပေါ်အခြေအနေအဖြစ် Hualngoram Peoples Organization (HPO/CDF-Hualngoram) က ယနေ့ ဇွန်လ ၁၆ ရက်နေ့တွင် ကြေညာလိုက်သည်။
လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေအရ တရားဥပဒေစိုးမိုးရေးကောင်းမွန်စွာလည်ပတ်နိုင်ရေးနှင့် ပြည်သူများဘေးကင်းလုံခြုံရေးအတွက် ယမန်နေ့ ဇွန်လ ၁၅ ရင်နေ့တွင် ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် ယခုကဲ့သို့ ကြေညာလိုက်ခြင်းဖြစ်သည်။
“ဟွာငိုးရမ်ဒေသ၊ ရိဒ်ခေါဒါရ်မြို့နယ်မှာ CNO/CNDF ကနေပြီး စစ်ရေးလှုပ်ရှားတာ၊ ဂိတ်အသစ်ဖွင့်ပြီး ခရီးသွားလာပြည်သူတွေကို စစ်ဆေးတာ၊ငွေတောင်းခံလာတာတွေပြုလုပ်လာတဲ့အတွက် ပြည်သူတွေက တိုင်ကြားချက်များလာလို့ ဖြေရှင်းနိုင်ဖို့ပဲ လိုအပ်ချက်အရဖြစ်ပါတယ်။” ဟု HPO/CDF-Hualngoram ပြန်ကြာရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရိဒ်ခေါဒါရ်မြို့၊ Khawthlir ရွာတွင် CNDF က ပြီးခဲ့သည့် မေလမှစ၍ ဂိတ်အသစ် ဖွင့်လှစ်ပြီး သွားလာနေကြသည့် ပြည်သူများကို စစ်ဆေးခြင်း၊ ငွေကြေးတောင်းခံမှုများပြုလုပ်လာသည့်အတွက် ပြည်သူများ လွတ်လပ်စွာ သွားလာခွင့်မရရှိကြောင့် သိရှိရသည်။
“ပြည်သူတွေကို ဘယ်သူမဆို နှောက်ယှက်လာရင် ကာကွယ်ရေးတပ်အနေနဲ့ ပြည်သူတွေလုံခြုံရေးအတွက် အရေးယူဖြေရှင်းရမှာ တာဝန်ဖြစ်ပါတယ်။ ဘယ်လိုအရေးယူဆောင်ရွက်မလဲဆိုတာတော့ မသိရသေးဘူး။ ဒါပေမယ့် လိုအပ်သလိုတော့ အရေးယူဆောင်ရွက်ရမှာဖြစ်ပါတယ်”ဟု HPO/CDF-Hualngoram ပြန်ကြာရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားသော်လည်း သတင်းဖော်ပြချိန်အထိ ဆက်သွယ်၍ မရသေးပါ။
Khawthlir ကျေးရွာသည် ရိခေါဒါရ်မြို့မှ ဖလမ်းမြို့သို့ သွားလာရာတွင် ဒေသခံပြည်သူများ အဓိက အသုံးပြုသော လမ်းမပေါ်တွင် တည်ရှိသည်။
ရိဒ်ခေါဒါရ်မြို့သည် မြန်မာ-အိန္ဒိယ အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာမြို့ဖြစ်ပြီး CNA နှင့် CDF-Hualngoram က စစ်ကောင်စီထံမှ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကတည်းက သိမ်းပိုက်ရရှိထားကာ လက်ရှိတွင် ဟွာငိုးရမ်ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းများ လည်ပတ်နေပြီဖြစ်သည်။
ပြီးခဲ့သည့် မေလကတည်းက ရိဒ်ခေါဒါရ်မြို့တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးကိစ္စနှင့် နယ်မြေကိစ္စ၊ စစ်ရေးကိစ္စတို့ကြောင့် CNO/CNDF နှင့် HPO/CDF-Hualngo တို့ကြား အချင်းချင်း ပြစ်တင်ပြောဆိုမှုများရှိလာခဲ့သည်။
ထိုကိစ္စကို ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF ) နှင့် ဟွာလ်ငိုရမ်ဒေသန္တရအစိုးရ ( HPO/CDF-Hualngo) တို့ သင့်မြတ်ရေး ဆွေးနွေကြရန် ဖလမ်းမြို့နယ်အခြေပြု ဘာသာရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Immanuel Christian Committee – ICC ) က တိုက်တွန်းထားသည်။
#ရိဒ်ခေါဒါရ်မြို့ #အရေးပေါ်အခြေအနေ #HPO #CDFHualngoram ကြေညာ #Ayeyarwaddy_Times