ဧရာဝတီတိုင်းမ်
ဇွန် ၁၆ ရက်

ကျောက်ဖြူမြို့နယ် တိုက်ပွဲအတွင်းသို့ စစ်ကူပို့ခံရသည့် ဒုတပ်ရင်းမှူးဖြစ်သူ အာရက္ခတပ်တော် (AA) ၏ စနိုက်ဘာကျည်ထိမှန်ပြီး သေဆုံးသွားကြောင်း သိရသည်။

စစ်ကောင်စီ၏ ခမရ ၂၁၁ မှ ဒုတပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူးဝင်းသန့်သည် ပြီးခဲ့သည့် ဇွန် ၉ ရက်နေ့က ကျောက်ဖြူသို့ စစ်ကူပို့ခံရပြီးနောက် ရက်ပိုင်းအတွင်း AA ၏ စနိုက်ဘာထိမှန်ပြီး သေဆုံး‌သွားကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

“သူရောက်ရှိကြောင်း တပ်ရင်းမှူးကို သတင်းပို့ပြီး အပြန်မှာ စနိုက်ဘာနဲ့ ပစ်ခံရတာ”ဟု စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဗိုလ်မှူးဝင်းသန့်ကို ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့မှနေ၍ ကျောက်ဖြူမြို့ အမှတ် (၁) ဆိပ်ကမ်းသို့ စစ်ကူအင်အား ၂၀၀ ကျော်ကို လက်နက်ခဲယမ်းများနှင့်အတူ ရေတပ်သင်္ဘောဖြင့် စစ်ကူပို့ ဆောင်ခဲ့ကြောင်း သိရသည်။

ကျောက်ဖြူသို့ရောက်ရှိပြီးနောက် ဗိုလ်မှူးဝင်းသန့်သည် ဇွန် ၉ ရက်နေ့က တပ်ရင်းမှူးဆီ သတင်း သွားပို့ပြီးအပြန်တွင် AA ၏ စနိုက်ဘာကျည်ထိမှန်ခဲ့ပြီးနောက် ရန်ကုန်သို့ ပို့ဆောင်စဉ်တွင် သေဆုံးသွားခြင်းဖြစ် ကြောင်း သိရသည်။

ဗိုလ်မှူးဝင်းသန့်၏နာရေးရက်လည်ကို လှည်းကူးအခြေစိုက် အမှတ် (၂၁၁) ခြေမြန်တပ်ရင်း (ခမရ-၂၁၁)တွင် ယမန်နေ့ ဇွန် ၁၅ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် မေ ၂၆ ရက်နေ့ကလည်း ရွှေ OGT သဘာဝ ဓာတ်ငွေ့ဖြန့်ချိရေးစက်ရုံအနီး တိုက်ပွဲတွင် တပ်မ (၁၁) မှ နည်းဗျူဟာမှူး ဗိုလ်မှူးချုပ်ကျော်မျိူးအောင်နှင့် ခမရ ၅၄၃ မှ ဗိုလ်ကြီးတစ်ဦးတို့ AA ၏ စနိုက်ဘာကျည် ထိမှန်၍ သေဆုံးခဲ့သည်။

ပြီးခဲ့သည့် မေလအတွင်းက ကျောက်ဖြူတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများသည့် အတွက် တပ်ရင်း တပ်ဖွဲ့လိုက် AA ထံ လက်နက်ချ အလင်းဝင်မှုများရှိလာပြီး ယခု ဇွန်လတွင် စစ်ကောင်စီက ကျောက်ဖြူမြို့သို့ စေလွှတ်ထားသည့် အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကြောင်း တစ်ခုမှာလည်း တပ်ရင်းဌာနချုပ်နှင့် အဆက်အသွယ် ပြတ်‌တောက်ပြီး ပျောက်ဆုံး နေကြောင်း သိရသည်။

ဓာတ်ပုံ- AA (ပုံဟောင်း)
#ရခိုင် #ကျောက်ဖြူ #စစ်ကူ #ဒုတပ်ရင်းမှူး #စနိုက်ဘာထိမှန် #သေဆုံး #Ayeyarwaddy_Times