
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇွန် ၁၆ ရက်
တနင်္သာရီတိုင်း ၊ရေဖြူမြို့နယ် ၊ကံပေါက်တိုက်နယ် ၊အုန်းပင်ကွင်းကျေးရွာအုပ်စု ၊ပယကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီဂိတ်စခန်း သုံးခု ကို တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက် ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ နှင့် ဒေသခံများထံမှ သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ကံပေါက်တိုက်နယ် ၊အုန်းပင်ကွင်းကျေးရွာအုပ်စု ၊ပယရွာလယ်ရှိ ရွှေမိုးညိုဘုရားစစ်တပ် စစ်ကောင်စီဂိတ်စခန်း အပါအဝင် အနီးအနားတွင်တပ်စွဲထားသော ဂိတ် သုံးခုကို ဇွန်လ ၁၅ ရက် နံနက် ၅ နာရီ ၅၅ မိနစ်ခန့်တွင်တစ်ပြိုက်နက်တည်း ဝင်ရောက်တိုက်ခိုက် ခဲ့ကြောင်းသိရသည်။
“မနက် အစောကြီး ပဲရှိသေးတယ်။ သေနတ်သံတွေကြားတော့လန့်သွားကြတယ်။ ကျွန်မတို့ ပယ ရွာလယ် မှာ တပ်စွဲထားတဲ့ ရွှေမိုးညိုဘုရားဂိတ် နဲ့ အနီးအနားက ဂိတ်စခန်း သုံးခု တစ်ပြိုက်နက်တည်း တိုက်ခိုက်ခံရတာ။ ရွာမှာက စစ်ကောင်စီဂိတ် အားလုံး ခြောက်ဂိတ်ရှိတယ်။ အခုက သုံးဂိတ်တိုက်ခိုက် ခံရတယ်။ သူတို့ ( စစ်ကောင်စီ) တပ်ဖွဲ့ဝင်တွေဘက်က သေဆုံးနဲ့ ထိခိုက်ဒဏ်ရာရသူတွေများတယ်” ဟု ပယကျေးရွာ ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိကာ သေဆုံး ထိခိုက်ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မောရဝတီရေတပ် ဆေးရုံသို့ သယ်ဆောင်သွားကြောင်း ဒေသခံများကဆိုသည်။
“ပယ တိုက်ပွဲမှာ သေဆုံးဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေကို ဘယ်သူမှ မသိအောင် အိမ်စီးကား ကားအချောတွေနဲ့ သယ်လာကြတယ်။ မောရဝတီ ရေတပ်ဆေးရုံကိုသယ်သွားကြတယ်”ဟု ကံပေါက် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပယကျေးရွာ တိုက်ပွဲအတွင်း အထိနာသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တိုက်ပွဲဖြစ်ပွားပြီး သုံးနာရီခန့်အကြာတွင် ကံပေါက်မှ ကားခြောက်စီးဖြင့် စစ်ကူအင်အားအများအပြား ထွက်ခွာသွား ကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။
ထိုနောက် ပယကျေးရွာ သို့ စစ်ကူရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ ဇွန်လ ၁၆ ရက် မွန်းလွဲပိုင်းတွင် ဇာဒီကျေးရွာအုပ်စုအတွင်း ထပ်မံထွက်ခွာသွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းအပြင် စစ်ကောင်စီ၏ မောရဝတီရေတပ်သည် ယနေ့ ဇွန် ၁၆ ရက် နေ့လယ်ပိုင်းက ပယကျေးရွာ နှင့် ဇာဒီကျေးရွာ အုပ်စု အနီးအနားရှိရွာများသို့ လက်နက်ကြီးဖြင့်အဆက်မပြတ် ပစ်ခတ်လျှက် ရှိကြောင်း သိရသည်။
စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်မှုအခြေအနေအသေးစိတ်ကိုမူ ဆက်သွယ်ရေးလိုင်းများပြတ်တောက်နေ၍ ဧရာ၀တီတိုင်းမ်အနေဖြင့် ဆက်သွယ်မေးမြန်း၍ မရသေးပေ။
ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့ကလည်း ပယရွာ ရှိ စစ်ကောင်စီရဲ့ ရှားကုန်းစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ မီးရှို့ဖျက်ဆီးခဲ့ သေး ကြောင်း ဒေသခံများထံမှသိရသည်။
ဓာတ်ပုံ-စစ်ကောင်စီတပ်များ တပ်စွဲနေထိုင်လျှက်ရှိတဲ့ ပယ ရွာလယ်က ရွှေမိုးညို ဘုရား (ပုံဟောင်း)
#ကံပေါက် စစ်ကောင်စီဂိတ်စခန်း #တစ်ပြိုင်နက်တည်းတိုက်ခိုက် #စစ်ကောင်စီတပ်ဖွဲ့ဝင် #၆ဦးသေဆုံး #Ayeyarwaddy_Times