ဧရာဝတီတိုင်းမ်
ဇွန် ၁၆ ရက်

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လိုင်စင်မဲ့မော်တော်ယာဉ်များ ကြောင့်အခွန်နစ်နာကြောင်းပြောကြားပြီးနောက် တိုင်းနှင့်ပြည်နယ်များ၌ လိုင်စင်မဲ့မော်တော်ယာဉ် များကိုဖမ်းဆီးပြီး စီးနင်သူကို ပို့ကုန်/သွင်းကုန်ဥပဒေဖြင့် အရေးယူကြောင်းသိရသည်။

နေပြည်တော် ပျဉ်းမနားမြို့၊ ကချင်ပြည်နယ် မိုးညှင်းမြို့၊ မြစ်ကြီးနား ဗန်းမော်မြို့တို့တွင် လိုင်စင်မဲ့ မော်တော် ယာဉ်စီးနင်းသူ အမျိုးသားသုံးဦးကို ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း စစ်ကောင်စီက ဖော်ပြထားသည်။

စစ်ကောင်စီသည် အဆိုပါလိုင်စင်မဲ့ မော်တော်ယာဉ်အများအပြင် ဆိုင်ကယ်၊ ဘေးတွဲ၊ လျှပ်စစ် ဘက်ထရီဘီးများကိုပါဖမ်းဆီးမှုများရှိသဖြင့် ခရီးသွားလာရေးတွင် အများပြည်သူများ အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

“ စစ်တပ်အာဏာသိမ်းပြီး ကားသွင်းခွင့်ပိတ်လိုက်လို့ ကားဈေးတွေအရမ်းတက်ကုန်တာလေ။ ဈေးက မတရားကြီးပေါ့ ကားတွေကဟောင်းနေပြီ။ အဲဒါနဲ့နယ်မှာဆိုတော့ without ( လိုင်စင်မဲ့) ကားပဲစီးတာ။ ယာဉ်ထိန်းရဲတွေကလည်းသိတယ်။ လွှတ်ထားတာပဲ။ သူတို့ငွေလိုတဲ့အခါတော့ဖမ်းတယ်။ ဖမ်းတဲ့အခါ ဒဏ်ငွေဆောင်လိုက်ရင်ပြီးတာပဲဆိုပြီးစီးနေတာ။ အခုတော့ အဲဒီကားကို ပြန်ရောင်းပြီး show room ကားဝယ်လိုက်တယ်” ဟု ပြင်ဦးလွင်ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက မော်တော်ယာဉ်တင်သွင်းခွင့်ကို တင်းကြပ်ထားပြီး ၂၀၂၀ ခုနှစ်နောက်ပိုင်း မော်ဒယ်အမြင့်များသာ တင်သွင်းခွင့်ရှိသဖြင့် ကားဈေးမြင့်တက်နေပြီး နယ်စပ်မြို့များအပါအဝင် နယ်ဘက်တွင် လိုင်စင်မဲ့ယာဉ်များအသုံးပြုမှုများကြောင်း သိရသည်။

“ ကျွန်တော်တို့ဆီမှာဆိုင်ကယ်နှစ်ယောက်စီးတာနဲ့ပစ်တာပဲ။ တစ်ယောက်ပဲစီးရတယ်။ အရင်က ဆိုင်ကယ်ဈေးက လိုင်စင်နဲ့ အသစ်မှ ၇ သိန်း ၈ သိန်း ဆိုင်ကယ်ကောင်းကောင်းရတယ်။ အခုက လိုင်စင်မဲ့တောင် ၁၀ သိန်းနီးပါး။ အဲဒါကိုတရုတ်ဘီးပဲရတာဆိုတော့ လိုင်စင်နဲ့ဆို သိန်း ၂၀ နီးပါးပဲ ဘယ်သူ့မှမစီးနိုင်တော့ဘူး “ ဟု လှည်းကူးမြို့နယ်နေထိုင်သူ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင်သည် လိုင်စင်မဲ့ကားများကြောင့် အခွန်နစ်နာမှု၊ လုံခြုံရေးအခက်အခဲများ ဖြစ်ပေါ်မှုများရှိနေပြီး လိုင်စင်နံပတ်ပြားအတုပြုလုပ်သူ၊ လိုင်စင်အတုပြုလုပ် သူများကိုအရေးယူမည် ဖြစ်ကြောင်း ပြီးခဲ့သည့် မေ ၂၀ ရက်နေ့က ပြောကြားပြီးနောက် မေ ၃၀ ရက်တွင် စတင်ဖမ်းဆီး ခြင်းဖြစ်သည်။

ကန့်သတ်တားမြစ်ထားသည့်ကုန်ပစ္စည်းတင်ပို့ခြင်း၊ တင်သွင်းခြင်းနှင့် ခွင့်ပြုချက်ရယူရန် သတ်မှတ် ထားသော ကုန်ပစ္စည်းများကို ခွင့်ပြုချက်ရယူခြင်းမရှိဘဲ တင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်း မပြုရသတ်မှတ်ထားပြီး ပြစ်မှု ထင်ရှားလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်ဖြစ်ကြောင်း ပို့ကုန်သွင်းကုန်ဥပဒေ ၈ တွင် ပြဌာန်း ထားသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#လိုင်စင်မဲ့ယာဉ်များအရေးယူ #ပို့ကုန်သွင်းကုန်ဥပဒေ #Ayeyarwaddy_Times