
ဧရာဝတီတိုင်းမ်
ဇွန် ၁၆ ရက်
စစ်ကောင်စီသည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားသည့် နောင်ချိုမြို့ကို ပြန်လည်သိမ်းယူရန် အပြင်းအထန်စစ်ကြောင်းထိုးနေကြောင်း သိရသည်။
နောင်ချို့မြို့နယ်အတွင်းရှိ အုမ္မတီး၊ ရေမောင်းတန်းနှင့် လက်ပန်ကုန်းကျေးရွာများတွင် ယမန်နေ့ ဇွန် ၁၅ ရက် နံနက်ပိုင်းကစတင်၍ စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“တိုက်ပွဲက ခပ်စိပ်စိပ်ပြန်ဖြစ်လာတယ်။ တောင်ခမ်းဘက်က အင်အားတွေရယ်၊ ပြင်ဦးလွင်ဘက်က အင်အားတွေရယ်စုပြီး နောင်ချိုကို ထိုးစစ်ဆင်နေတာ။ အင်အားပြုထားတာတော့ ဒရုန်းနဲ့ အဆိပ်ငွေ့ဗုံးတွေသုံးပြီး ရှေ့တက်နေတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့က အုမ္မတီးနှင့် ရေမောင်းတန်းကျေးရွာတိုက်ပွဲတွင် လက်နက်ကြီးသုံးလုံး၊ ဒရုန်းဖြင့် အဆိပ်ငွေ့ဗုံး ၃၇ လုံးနှင့် ဗုံး ၃၅ လုံးအထိ ကြဲချတိုက် ခိုက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် လက်ပန်ကုန်းကျေးရွာဘက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း၌လည်း စစ်ကောင်စီက လက်နက် ကြီး ခြောက် လုံးအထိ ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ရွှေညောင်ပင်ကျေးရွာဘက်တွင်လည်း အရပ်သား ပြည်သူများကို ဦးတည်ချက်ထားပြီး ရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်ကြီး သုံးလုံး ပစ်ခတ်တိုက်ခိုက် ခဲ့သည်။
ပြီးခဲ့သည့် ဇွန် ၁၄ ရက်နေ့ကလည်း ရွှေသွန်း၊ ပိန္နဲကုန်း၊ သရက်ကုန်းနှင့် လက်ပန်ကုန်းကျေးရွာများတွင် စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက အဆိုပါတိုက်ပွဲတွင် လက်နက်ကြီး အလုံး ၈၀ နှင့် ဒရုန်းဗုံး ၂၆ လုံးအထိ အသုံးပြု တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီသည် နောင်ချိုမြို့ကို စစ်ကြောင်းသုံးကြောင်းနှင့် ထိုးစစ်ဆင်နေပြီး အဆိပ်ငွေ့ဗုံးများကိုပါ ဆက် တိုက်အသုံးပြုနေကြောင်း သိရသည်။
တောင်ခမ်းတွင်ရှိသည့် စစ်ကောင်စီတပ်သည် တောင်ခမ်း-ကံကြီး-နောင်ချိုလမ်းပိုင်း၊ တောင်းခမ်း-မဲပုတ်- နောင်ချိုကြီးတောလမ်းပိုင်း၊ ပြင်ဦးလွင်-ဝက်ဝံ-ဘန့် ဘွေး လမ်းပိုင်းတို့မှနေ၍ နောင်ချိုကို ပြန်လည်သိမ်း ပိုက်ရန် စစ်ကြောင်းထိုးနေကြောင်း သိရသည်။
လက်ရှိတွင် ကံကြီးမှဆုတ်ခွာလာသည့် စစ်ကောင်စီတပ်သည် ရွှေမုဋ္ဌောကျေးရွာအထိ တပ်ဆုတ်ပေးခဲ့ ရပြီး အင်အားပြန်လည်စုဖွဲ့နေကြောင်း ဒေသခံများထံမှသိရသည်။
ဓာတ်ပုံ-TNLA
#ရှမ်းမြောက် #နောင်ချို #စစ်ကောင်စီ #ပြန်လည်သိမ်းယူရန် #ထိုးစစ်ဆင် #အဆိပ်ငွေ့ဗုံးသုံး #Ayeyarwaddy_Times